ရေပြာရဲစခန်း

October 16, 2021

မင်းလှ Mytel တာဝါတိုင်၊ ပေါက်မြို့ ရေပြာရဲစခန်းနှင့် ကုန်စုံဆိုင်တခု ဗုံးခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်းက အုန်းနှဲချောင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်တဲ့ Mytel တာဝါတိုင် အောက်တိုဘာ ၁၅ ရက်နေ့ည ၈ နာရီခွဲဝန်းကျင်က ဗုံးခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာဒေသခံတဦးက “ပေါက်ကွဲသံကြီးကြားရပြီး မီးလောင်နေတာ မြင်ရတာပဲ။ Mytel ဖုန်းလိုင်းတွေလည်းပြတ်သွားတယ်။ ရွာကလူတွေလည်း သွားမကြည့်ရဲကြဘူးလေ” လို့ ဒေသခံတဦးက အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေ ကားနဲ့ရောက်လာပြီး သေနတ်တွေပစ်ဖောက်ကာ အော်ဟစ်ဆဲဆိုနေကြတယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်မှာ အခုဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင်ဟာ ပထမဦးဆုံးဖြစ်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၅၀ ကျော်ဖျက်ဆီးခံထားရတယ်လို့ မှတ်တမ်းပြုလုပ်ထားသူတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနဲ့ မြင်းခြံကုန်းကျေးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဦးရဲ့ ကုန်စုံဆိုင်တို့ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက "ရေပြာရဲစခန်းနဲ့ ပေါက်မြို့နယ်ထဲက မြင်းခြံကုန်းရွာက ဒလန်စိုးသန်းရဲ့ ကုန်စုံဆိုင်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာပါ။ သေဆုံးမှုရှိ၊ မရှိတော့မသိရသေးပါဘူး။ စစ်သားနဲ့ရဲတွေ အများကြီးဘဲ။ မသွားရဲကြသေးဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂)၊ CAF-MGPDF နဲ့ PPDF-Kingfighter တို့ ၃ ဖွဲ့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ပေါင်းစုတွေဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ တပ်ပေါင်းစုရဲ့ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။

ရေပြာရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ စစ်ကောင်စီသတင်းပေး ကိုစိုးသန်း ရဲ့ ကုန်စုံဆိုင်တို့ ဗုံးပစ်ခံရမှုနဲ့သတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ဇီးပြားရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

3 months Ago
Up