ရေပေါ်အိမ်

June 13, 2021

ဖနွမ်ပင်မြို့ရှိ ရေပေါ်အိမ်များ ဖျက်သိမ်း

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့က တွန်လယ်ဆပ် မြစ်ထဲမှာ ဘိုးစဉ်ဘောင်ဆက် ဆောက်လုပ်နေထိုင်ကြနေကြတဲ့ ရေပေါ်သစ်သားလှေအိမ်တွေကိုဖယ်ရှားဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။ 

သက်တမ်းကြာ နေထိုင်လာသူ ဒေသခံတွေဟာ သွားစရာနေရာ မရှိလို့  ဒီအမိန့်ကို ကန့်ကွက်ထားပေမဲ့လည်း ဇွန် ၁၂ ရက်က စပြီး ဒီရေပေါ်အိမ်တွေကနေ ဖယ်ပေးရမယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

မျိုးဆက်ပေါင်းများစွာ တွန်လယ်ဆပ်မြစ်ထဲမှာ ရေပေါ်အိမ်တွေထဲမှာ နေထိုင်ခဲ့ပြီး မြစ်ကို အမှီပြုပြီးတော့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ တခြားစီးပွားရေးတွေလုပ်ပြီး အသက်မွေးခဲ့ ကြတာပါ။ 

မြို့တော်အစိုးရက သူတို့ကို ပြောင်းရွှေ့ဖို့ အချိန်လုံလုံလောက်လောက် မပေးထားဘူး လို့ အိမ်ထောင်စုအများစုက ပြောနေကြပါတယ်။ 

ဖနွမ်းပင်မြူနီစီပယ်ကတော့ ဒေသခံတွေဟာ မျက်စေ့စူးစရာ ရေပေါ်မျောနေတဲ့ ဆင်ခြေဖုံး ရပ်ကွက်လို တိုးပွားလာပြီး လှေအိမ်တွေအနီးတဝိုက်မှာ ရေဆိုးတွေပေါ် မျောနေတဲ့ အညစ် အကြေးတွေ၊ အမှိုက်အိတ်တွေနဲ့ ကျန်းမာရေးပြဿနာတွေလည်း များလာပြီလို့ ပြောပါတယ်။

ဖယ်ပေးရမယ့်အိမ်ပေါင်း ၃၁၆ လုံး ရှိပြီး အဲ့ဒါတွေဟာ မြို့ရဲ့အလှအပနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတယ်လို့ ပီရတ်ခ်နော့ဗ်ခရိုင်ရဲ့ မြေယာစီမံခန့်ခွဲမှုရုံးအကြီးအကဲ စီဝူသာက ပြောပါတယ်။ 

အခု အိမ်တွေကို ဖယ်ရှားနှင်ထုတ်တာဟာ ၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖနွမ်ပင်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မပြုသေးမီ ကြိုတင်ပြီး သန့်ရှင်းရေးလုပ်ဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။ 

ဒါပေမဲ့လည်း အားကစားပြိုင်ပွဲတွေက အချိန်ကာလ တစ်နှစ်ကျော်လောက်  လိုနေသေးတာ ကို ဘာကြောင့် အခုကတည်းက အတင်းလာဖယ်ခိုင်းပြီး ပြောင်းရွှေ့ဖို့လိုနေတာလည်းလို့ ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

8 months Ago
Up