ရေနံတင်သင်္ဘောကပ္ပတိန်

October 15, 2020

သီရိလင်္ကာကမ်းလွန်တွင် မီးလောင်ခဲ့သည့်ရေနံတင်သင်္ဘောကပ္ပတိန်ကို ဒေါ်လာ ၆ သောင်းခွဲ ဒဏ်ရိုက်

သီရိလင်္ကာကမ်းလွန်မှာ မီးလောင်ခဲ့တဲ့ MT New Diamond ရေနံတင်သင်္ဘောကြီးရဲ့ ကပ္ပတိန်ကို အောက်တိုဘာ ၁၄ ရက်မှာ  သီရိလင်္ကာရူပီးငွေ သန်း  ၂၀ (အမေရိကန် ဒေါ်လာ  ခြောက်သောင်းခွဲ ) ဒဏ်တပ်လိုက်ပါတယ်။  စက်တင်ဘာလအစောပိုင်းက သင်္ဘောအင်ဂျင်ခန်း ပေါက်ကွဲမှုကနေ မီးလောင်ခဲ့ပြီးနောက် ဂရိနိုင်ငံသား ကပ္ပတိန် ဆတီရော့ ဆီးယပ်စ်ဟာ ပေါ့ဆမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု စွဲချက်တွေကို ရင်ဆိုင်ရပါတယ်။  ကူဝိတ်က  ရေနံစည် ၂ သန်းတင်လာတဲ့  MT New Diamond ကနေ ရေနံစီးကြောင်း  နှစ်ခု ကျန်ရစ်ခဲ့ပါတယ်။  သီရိလင်္ကာအာဏာပိုင်တွေက  မီးလောင်နေတဲ့ ရေနံတင်သင်္ဘောကို ယူအေအီးနိုင်ငံအထိ ဆက်သွားခွင့် ပြုခဲ့ပါတယ်။  အဲဒီမှာ သင်္ဘောပေါ် က ရေနံတွေကို တခြားသင်္ဘောဆီ ပြောင်းတင်ပြီး  အိန္ဒိယဆိပ်ကမ်းကို ဆက်ပို့ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။  သင်္ဘောမီးကို ကူညီငြှိမ်းသတ်ပြီး ဘေးအန္တရာယ်မဖြစ်အောင် ကူညီခဲ့တဲ့အတွက် New Diamond သင်္ဘောပိုင်ရှင်တွေက သီရိလင်္ကာအစိုးရကို ရူပီးငွေ သန်း ၄၂၀ ( အမေရိကန် ဒေါ်လာ  ၂ ဒသမ ၂၇ သန်း ) ပေးဖို့ သဘောတူထားပါတယ်။  အဲဒီငွေကြေးကို သီရိလင်္ကာ ရေတပ်၊ လေတပ်၊ ဆိပ်ကမ်း အာဏာပိုင်နဲ့ ရေကြောင်း ပတ်ဝန်းကျင်အာဏာပိုင်အဖွဲ့ (MEPA) တို့ပေးခဲ့တဲ့ ဝန်ဆောင်မှုတွေအတွက်တောင်းခံတာပါ။   လက်ရှိမှာတော့ ရေနံတင်သင်္ဘော New Diamond ဟာ မော်လဒိုက်ရေပိုင်နက်မှာ ရောက်ရှိနေတယ်လို့ သီရိလင်္ကာရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ 
7 months Ago
Up