ရေနံတင်သင်္ဘေ

July 16, 2020

ယီမင်ကမ်းလွန်တွင် သောင်တင်နေသည့် ရေနံတင်သင်္ဘောကိစ္စ အရေးယူဆောင်ရွက်ရန် ကုလ တိုက်တွန်း

စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံရဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ရေနံတင်သင်္ဘောဟာ  တကယ်လို့ အရေးယူဆောင်ရွက်တာမျိုး မရှိဘူးဆိုရင်  ၁၉၈၉ တုန်းက အလာစကားနားမှာဖြစ်တဲ့ ရေနံယို ဖိတ်မှုထက် လေးဆကြီးလိမ့်မယ်လို့ ကုလသမဂ္ဂက  သတိပေး ပြောပါတယ်။ ရေနံစိမ်းစည်ပေါင်း ၁ ဒဿမ ၁သန်းကို တင်ဆောင်ထားတဲ့လောင်စာတင် သင်္ဘောဟာ ပင်လယ်နီရေနံဆိပ်ကမ်း ရတ်စ်အစ်ဆာမှာ သောင်တင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ ၂၇ ရက်ကစပြီး အင်ဂျင်ခန်းထဲကို ယိုစိမ့်ခဲ့လို့ အခြေအနေမတည်မငြိမ် ဖြစ်လာ တယ်လို့ ကုလထောက်ပံ့ကူညီရေးအကြီးကဲ မာ့ခ်လိုးကွတ်ခ်က လုံခြုံရေးကောင်စီ အစည်းအဝေး မှာ ပြောပါတယ်။ ဆေ့ဖ်ဖှာကော်ပိုရေးရှင်းက ရေငုပ်သမားတွေက ရေနံယိုစိမ့်မှုကို ပြန်ပြင်နိုင်ခဲ့တယ် ဆိုပေမဲ့ ဘယ်လောက်ကြာကြာ ဆက်ထိန်းနိုင်မလဲဆိုတာ ပြောဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက လုံခြုံရေး ကောင်စီ လစဉ်သတင်းစာ ရှင်းလင်းပွဲမှာ သတိပေးပါတယ်။  “Safer ရေနံတင်သင်္ဘောဟာ ကျိုးပျက်ပေါက်ကွဲနိုင်တဲ့ အန္တရာယ် ကြီးလာနေတယ်၊ ဒါကြောင့် ယီမင်နဲ့အိမ်နီးချင်းနိုင်ငံတွေအပေါ် သဘာဝပတ်ဝန်းကျင်၊စီးပွားရေးနဲ့ လူသားချင်း စာနာမှုကပ်ဘေးတွေ ဖြစ်စေနိုင်လို့ အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ လုံခြုံရေးကောင်စီက နက်နက်ရှိုင်းရှိုင်း သတိပေးတယ်”လို့လည်း သတင်းစာရှင်းလင်းပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီရေနံတင်သင်္ဘောကို ဖြစ်နိုင်သမျှ အမြန်ဆုံးချဉ်းကပ်နိုင်ဖို့ အခြေအနေသတ်မှတ် တောင်းဆိုတာမလုပ်ဘဲ ကုလကို  ဖြစ်မြောက်အောင်ပံ့ပိုးပေးဖို့ လုံခြုံရေးကောင်စီက ဟူသီအုပ်စု ကို ဆော်သြပါတယ်။ အီရန်နဲ့မဟာမိတ် ဟူသီအုပ်စုက အစိုးရကို ၂၀၁၄ ခုနှစ်မှာ မြို့တော်ဆာနာကနေ နှင်ထုတ်ခဲ့ တာပါ။ ဆော်ဒီအာရေဗျဦးဆောင်တဲ့ ညွန့်ပေါင်းစစ်တပ်က ယီမင်အစိုးရ အာဏာပြန်ရရေး ကူညီ တိုက်ခိုက်နေလို့ စစ်ပွဲ ဖြစ်ပွားနေတာ ၆နှစ်ကျော် ကြာခဲ့ပါပြီ။ 
10 months Ago
Up