ရေနံ

August 18, 2020

ရေနံဈေးကွက်တည်ငြိမ်ရန် အိုပက်အဖွဲ့ကြိုးစားနေ

ရေနံတင်ပို့ရောင်းချသူနိုင်ငံများအသင်း အိုပက်ဟာ ရေနံစိမ်းဈေးနှုန်းကို မြှင့်ဖို့နဲ့ ရေနံဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ အိုပက်အဖွဲ့ဝင် အီရန်နိုင်ငံက ရေနံဝန်ကြီးကို ကိုးကားပြီး သူ့ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ သြဂုတ် ၁၇ ရက်က ဖော်ပြထားပါတယ်။ အိုပက်အဖွဲ့ဟာ အောင်မြင်နေပြီး ရေနံဈေးနှုန်းဟာလည်း ဈေးကွက်တောင်းဆိုမှုအပေါ် မူတည်လိမ့်မယ်လို့ တီရန်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ အီရန် ရေနံဝန်ကြီးက ပြောပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ရေနံဈေးကျဆင်းမှုကို ဖြေရှင်းရေးအတွက် ရေနံထုတ်လုပ်မှုကို စံချိန်တင်လျှော့ချဖို့ ရုရှား အပါအဝင် အိုပက်နဲ့ မဟာမိတ်အုပ်စုက သဘောတူခဲ့ပါတယ်။ အီရန် ရေနံလုပ်ငန်းဟာ ရေနံထုတ်လုပ်မှု ထိန်းသိမ်းတိုးမြှင့်ဖို့ ဒေသခံလုပ်ငန်း ၁၄ ခုနဲ့ ယူရိုငွေ ၁ ဒသမ ၅ ဘီလီယံဖိုး ကန်ထရိုက် ၁၃ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ၂၀၁၈ မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၆ နိုင်ငံကြား ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကို သိသိသာသာ လျှော့ချမယ့် ဒဏ်ခတ်မှုတွေကို ပြန်ကျင့်သုံးခဲ့ပါတယ်။ အမေရိကန်ရဲ့ ပြစ်ဒဏ်ကို စိုးရိမ်လို့ နိုင်ငံခြားကုမ္ပဏီတွေက အီရန်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ ဝေးဝေးနေခဲ့ကြပါတယ်။ ခုတော့ အီရန်ဟာ ရေနံလုပ်ငန်းစီမံကိန်းတွေ တိုးတက်ဖွံ့ဖြိုးစေဖို့ အစ္စရေးကလွဲလို့ ကျန်တဲ့ နိုင်ငံအားလုံးက နိုင်ငံခြားကုမ္ပဏီတွေကို ကြိုဆိုတယ်လို့ ရေနံဝန်ကြီး ဘစ်ဂျန်နမ်ဒါဇန်ဂါနာက ပြောပါတယ်။
10 months Ago

April 21, 2020

ကျောက္ကာရေနံချက်ဖိုများ မေလကုန်အထိ ရပ်နားထားရန် စစ်ကိုင်းတိုင်းအစိုးရညွှန်ကြား

COVID- 19 ရောဂါကာကွယ်ရေးအတွက် နေ့စဉ်လူပေါင်း ထောင်ချီအလုပ်လုပ်ကိုင် လည်ပတ်နေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က ကျောက္ကာရေနံချက်ဖိုတွေ မေလကုန်အထိ ဆက်လက်ရပ်နားထားဖို့ တိုင်းအစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကျောက္ကာရေနံချက်ဖိုကုန်းမှာ ဖိုပေါင်း ၄၀၀ ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်က လူတွေ ဝင်ထွက်နေသလို ရေနံဖိုကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်နေကြသူတွေကလည်း နေ့စဉ် လူဦးရေ ၃၀၀၀ ကျော်လောက်ရှိနေတာပါ။ စွမ်းအားဖွံ့ဖြိုးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်လင်းက "အဓိကကတော့ ကိုဗစ်ပဲ။ ရေနံချက်ဖိုကိုက နယ်ပေါင်းစုံကလာကြတာ။ ကားတွေကော လူတွေကော။ လောလောဆယ်မှာကလည်း တရုတ်၊ ထိုင်း ပြည်တော်ပြန်တွေကများတယ်။ အလုပ်လက်မဲ့ဖြစ်နေချိန်မှာ ဒီမှာ လုပ်ငန်းလည်ပတ်နေရင် ဒီကို လာကြမှာ။ ဆိုတော့ နဂိုကတည်းက နေရာအနှံ့က လူပေါင်းစုံရှိနေတာ အဲလိုပြည်တော်ပြန်တွေပါ တိုးလာရင် ရောဂါပိုးရှိသူပါလာရင် အကုန်လုံးကို ကူးစက်နိုင်တယ်။” လို့ ပြောပါတယ်။ ရေနံစျေးကွက်ကျဆင်းနေတာလည်းဖြစ်လို့ ခုလို ရပ်နားထားရပေမယ့် ဆုံးရှုံးနစ်နာမှု ကြီးကြီးမားမား မရှိဘူးလို့လည်းပြောပါတယ်။ “ကမ္ဘာ့ရေနံစျေးကလည်း ဇီးရိုးလောက်တောင်ဖြစ်နေပြီဆိုတော့ ချက်ရင်လည်း အကျိုးမရှိဘူး။ ချက်ဆီစျေးက ဒီဇယ်စျေးထက်တောင် မြင့်နေသေးတယ်။ ဆိုတော့ ၁ လ၊ ၂ လ ရပ်နားထားရလို့ ဘာမှမဖြစ်နိုင်ပါဘူး။ အလုပ်သမားတွေလည်း ကျွန်တော်တို့က တတ်နိုင်သလောက် ထောက်ပံ့ရမှာပေါ့။"လို့ ဦးအောင်လင်းက ပြောပါတယ်။ COVID-19 ရောဂါ မြန်မာနိုင်ငံမှာ မတွေ့ခင်ကတည်းက ရေနံစျေးကျဆင်းတာကြောင့် ရေနံချက်ဖို တော်တော်များများက မတ်လဆန်းလောက်ကတည်းက ရပ်နားထားခဲ့ကြတာပါ။ ရေနံချက်ဖိုတွေကို အမှီပြုပြီး ရေနံချက်သူ၊ ရေနံချိုး ခွာသူ၊ သယ်သူ စသဖြင့် အမျိုးသားကော အမျိုးသမီးပါ နေ့စဉ် လူဦးရေ ၃၀၀၀ ကျော် အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိနေကြတာပါ။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ  လူပေါင်း ၁၁၉ ဦးရှိပြီး သေဆုံးသူလည်း ၅ ယောက်ရှိနေသလိ‌ေ စစ်ကိုင်းတိုင်းမှာလည်း ရောဂါပိုးရှိသူ တွေ့ရှိထားလို့ စိုးရိမ်စိတ်တွေလည်း ရှိနေကြပါတယ်။
1 year Ago
More News
Up