ရေနစ်သေဆုံး

January 22, 2021

ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့ မြစ်ထဲကို  ဟွန်ဒါဝေ့စ်ကား ၁ စီး ဇန်နဝါရီ ၂၂ ရက် မနက်က ထိုးကျပြီး အမျိုးသား၂ ယောက် ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက  ရှာဖွေကယ်ဆယ်ခဲ့ရာမှာ  အမျိုးသား ၂ ယောက် ဟာ ကားထဲမှာပိတ်မိနေလို့ ကြိုးစားကယ်ထုတ်ခဲ့ကာ ရေးမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်ကယ်ဆယ်  ပို့ဆောင်ပေမယ့် အမျိုးသား ၂ ယောက်စလုံး အသက်ဆုံးရှုံးသွားခဲ့တယ်လို့ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ရေထဲမှာ နစ်မြှုပ်နေတဲ့ ကားကို ကရိန်းကားနဲ့ ကယ်ဆယ်ရေးသမားတွေက မနက် ၁၁ နာရီခွဲလောက်မှာ ပြန်လည်ဆယ်ယူခဲ့ပါတယ်။ အဆိုပါကားဟာ  ရေးမြစ်ထဲသို့ မကျရောက်မီ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၁ စီး ကို ဝင်တိုက်ခဲ့တဲ့အပြင် ရေးမြစ်ကမ်းပါးမှာ ကာထားတဲ့ လက်ရန်းကိုပါ ထပ်မံတိုက်မိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
5 months Ago

December 20, 2020

ငွေဆောင်ကမ်းခြေတွင် ရေဆင်းကူးသည့် ချစ်သူစုံတွဲ ရေနစ် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ကမ်းခြေမှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့က လာရောက်ရေကူးတဲ့ ချစ်သူစုံတွဲ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ချစ်သူစုံတွဲဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကားရပ်မပေးဘဲ မြို့ထဲ မောင်းဝင်သွားတာဖြစ်ပြီး ညနေပိုင်းမှာ ရေနစ်တာသိခဲ့ရတာကြောင့် ချက်ချင်းရှာဖွေခဲ့တယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က DVB ကိုပြောပါတယ်။ "ကျနော်တို့ စစ်ဆေးရေးလုပ်နေချိန် နေ့လယ်ပိုင်းလောက်က ဝင်သွားတာ တားလိုက်သေးတယ်၊ အတင်းမောင်းဝင်သွားတာပါ။ ညနေပိုင်း ရောက်တော့ ရေနစ်တာ ကြားတော့ ရေငုပ်တတ်တဲ့ ဒေသခံတွေနဲ့ရှာတော့ ကောင်မလေးအလောင်းကို အရင်ပြန်တွေ့ပါတယ်၊ မနက်ပိုင်းမှ ကောင်လေးအလောင်းကို ပြန်တွေ့တာပါ" လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ မိန်းကလေးအလောင်းနဲ့ ဒီနေ့ မနက်ပိုင်း သောင်ပြင်မှာ ယောကျ်ားလေးအလောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့တာလို့ ဆိုပါတယ်။ ငွေဆောင်ကမ်းခြေမှာ ရေနစ်သေဆုံးခဲ့တဲ့ ချစ်သူစုံတွဲဟာ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်နဲ့ အမှတ် (၆) ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ပြီး ၂ ဦးလုံးက အသက် ၂၀ ကျော်ဝန်းကျင်တွေဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အဆိုပါ စုံတွဲ ရေနစ်သေဆုံးတာနဲ့ ပတ်သက်ပြီး ငွေဆောင်နယ်မြေရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေပြီး အလောင်းကိုတော့ ပုသိမ်မြို့မှာ ပြန်လည်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
6 months Ago
More News
Up