ရေနစ်ပျောက်ဆုံးသွားသူ

A d v e r t i s e m e n t With Us

January 5, 2021

မုံရွာမြို့တွင် ရေနစ်ပျောက်ဆုံးသွားသူ ၂ ဦး၏အလောင်း ရှာတွေ့

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရပ်ကွက်က ညောင်ကိုင်းအင်းအတွင်းမှာ ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းက ရေနစ်ပျောက်ဆုံးသွားသူ ၂ ဦးရဲ့အလောင်းကို ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ်ပိုင်းက ပြန်တွေ့ခဲ့ပါတယ်။ သေဆုံးသွားသူတွေကတော့ မုံရွာမြို့ ထန်းတောရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၀ အရွယ် မအိဖြူကေးနဲ့ ၂၁ နှစ်အရွယ် ကိုမျိုးထွန်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။ မုံရွာမြို့ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးညိုဝင်းက "သေဆုံးသွားတဲ့ ကလေးတွေက ရေလုပ်ငန်းနဲ့ အသက်မွေးကြတာတော့ မဟုတ်ဘူး၊ အပျော်ငါးဖမ်းတဲ့ သဘောပေါ့။ ‌ကလေးရေနစ်နေလို့ ခဲအိုဖြစ်သူက ကယ်ရင်းနဲ့ နှစ်ရောက်လုံး ပေါ်မလာတော့တာလို့ သိရတယ်။ နောက်ရက်မှာ အရင်ဆုံး ကလေးအလောင်း စပေါ်တယ်။ နောက်ပြီး သိပ်မကြာဘူး လူငယ်အလောင်းကို ရှာတွေ့တာပါ" လို့ ပြောပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့) ဥက္ကဋ္ဌ ဦးစိန်ကိုကိုက "ကျနော်တို့ မနေ့က ဆင်းရှာကြတယ်။ ဖြစ်တာက အရင်ရက်က ညနေ ၃ နာရီလောက်က ရွှေကြာရုံဘုန်းကြီးကျောင်းနားမှာ ဖြစ်တာ။ ည‌နေ ၆ နာရီကျော်လောက်ထိ ရှာသေးတယ်။ ‌မှောင်နေပြီဆိုတော့ ရှာမရခဲ့ဘူး။ နောက်ရက်မနက်လည်း လက်လှမ်းမီသလောက်ရှာသေးတယ်၊ မတွေ့ခဲ့ဘူး။ နေ့လယ်မှ အလောင်းပေါ်တယ် အကြောင်းကြားလာလို့ သွားသယ်ရတယ်" လို့ ပြောပါတယ်။ အခုလို လူသေဆုံးမှုနဲ့ပတ်သက်ပြီး မုံရွာမြို့နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး
2 months Ago
Up