ရေတွင်းထဲ

October 29, 2019

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ၂ နှစ်အရွယ်ကလေးငယ် ရေတွင်းထဲ ၃ ရက်ကြာပိတ်မိနေ 

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တာမီလ်နာဒူပြည်နယ်မှာ ရေတွင်းထဲ ပိတ်မိနေတာ သုံးရက်နီးပါးရှိပြီ ဖြစ်တဲ့ အသက် နှစ်နှစ်အရွယ် ကလေးငယ်တယောက်ကို အင်အားအပြည့်နဲ့ ကယ်ဆယ်နေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။  အသက်နှစ်နှစ်အရွယ် ဆူဂျသ် ဝယ်လ်ဆင်ဟာ အောက်တိုဘာ ၂၅ ရက်က အနက် ၃၃ ပေရှိပြီး ကျဉ်းမြောင်းတဲ့ ရေတွင်းတခုထဲကို ကျသွားခဲ့ပါတယ်။ အဲဒီနောက် သူဟာ အနက် ပေ ၁၀၀ အောက်ကို ထပ်ပြီး ချော်ကျသွားခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။ နာရီပေါင်း ၆၅ နာရီကျော် ကြာပြီးတဲ့နောက်မှာ နိုင်ငံလုံးဆိုင်ရာနဲ့ ပြည်နယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကလေးငယ် ပိတ်မိနေတဲ့ ရေတွင်းနားမှာပဲ တမီတာအကျယ်ရှိတဲ့ လိုဏ်ခေါင်းတခုကို တူးနေကြပါတယ်။ ကလေးငယ်ရှိတဲ့နေရာကို ကင်မရာနဲ့ အတည်ပြုနိုင်ခဲ့ပြီး သူဟာ အခြေအနေ တည်ငြိမ်နေကာ အသက်ရှူနေသေးတယ်လို့ ပြောခွင့်ရ အရာရှိတယောက်က တနင်္လာနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ မြေပြင်အနေအထားက ကျောက်သားမြေ ဖြစ်ပြီး မိုးကလည်း သဲသဲမဲမဲ ရွာနေတာကြောင့် မြေကြီးတူးတဲ့ လုပ်ငန်းစဉ် နှောင့်နှေးနေရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up