အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ပန်ဆာကိုလာမြို့မှာရှိတဲ့ ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်မှုကို ဆော်ဒီအာရေဗျလေတပ်က ဒုဗိုလ်တယောက်တည်းက လုပ်ခဲ့တာလို့ အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်သူဟာ ဖလော်ရီဒါပြည်နယ်ကနေ တရားဝင် ဝယ်ထားတဲ့ ဂလော့ခ်မော်ဒယ် ၉ မမ ဟန်းဂန်းကို သုံးပြီး တိုက်ခဲ့တာလို့ FBI ရဲ့ ဂျက်ဆင်ဗယ်လီရုံးအကြီးအကဲနဲ့ ဦးဆောင် စုံစမ်းစစ်ဆေးသူ ရာချယ်ရိုဂျက်စ်က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် လူ ၃ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တာပါ။
ပစ်ခတ်သူဟာ သင်တန်းအစီအစဉ်အတွက် အမေရိကန်ရေတပ်အခြေစိုက်စခန်းကို ရောက်နေတဲ့ တော်ဝင်ဆော်ဒီလေတပ်ကလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ဒါ့အပြင် သူဟာ အသက် ၂၁ နှစ်အရွယ် ဒုဗိုလ် မိုဟမ်မဒ် ဆာအိ အယ်လ်ရှမ်ရာနီ ဖြစ်တယ်လို့လည်း FBI က ဖော်ထုတ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒအတွက်လို့ တံဆိပ်ကပ်ဖို့ အသင့်မဖြစ်သေးဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အဲ့စ်ပါက ပြောပါတယ်။
ဒီဖြစ်ရပ်အတွက် ဆော်ဒီဘုရင်နဲ့ အိမ်ရှေ့စံမင်းသားတို့ ယူကျုံးမရ ဖြစ်ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ချစ်ခင်ရသူတွေကို စောင့်ရှောက်ရာမှာ ဆော်ဒီဘုရင်လည်း ပါဝင်လိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။
ပစ်ခတ်မှုပြီးပြီးချင်း နာရီပိုင်းအတွင်း ဆော်ဒီဘုရင်က “စုံစမ်းစစ်ဆေးမှုကို ဆော်ဒီက ထောက်ခံဖို့ ကတိပြုတယ်။ဒီဖြစ်ရပ်အတွက် စာနာတယ်”လို့ ထရမ့်ကို ဖုန်းနဲ့ပြောခဲ့ပါတယ်။
3 years Ago