ရေတပ်သင်္ဘော

November 3, 2021

သံတွဲမြို့နယ်၌ ရေတပ်သင်္ဘောက ငါးဖမ်းလှေများထံမှ အဓမ္မ ငွေတောင်းနေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ  စစ်ကောင်စီ ရေတပ်သင်္ဘောက ငါးဖမ်းလှေတွေဆီကနေ အဓမ္မ ငွေတောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆင်ခေါင်းရွာကနေ ပင်လယ်ထွက် ငါးဖမ်းတဲ့လှေတွေကို  ရေတပ်က ပင်လယ်ထွက်ဝမှာ  လှေတစီးကို တလ ကျပ် ၁၀၀၀၀ ကနေ  ကျပ် ၃၀၀၀၀ အထိ  အဓမ္မငွေတောင်းနေတာဖြစ်ပါတယ်။  

ဆင်ခေါင်းရွာ ဒေသခံတယောက်က “ခု ပင်လယ်ထွက်ဝမှာ Navy ခေါ်တယ်ပေါ့၊ စစ်သင်္ဘောတစီးက ဆိုက်ကပ်ထားပြီး ငွေကောက်ခံနေပါတယ်။ ပုစွန်ရှာတဲ့ လှေတစီးကို တလ ကျပ်တသောင်း၊ မီးထွန်းလှေ(ကျော့ပိုက်လှေ) တစီးကို တလ သုံးသောင်း တောင်းနေပါတယ်။ ခုလက်ရှိလည်း လှေတော်တော်များများက ပေးပြီးသွားကြပြီ” လို့ ပြောပါတယ်။

ဆင်ခေါင်းရွာမှာ ပင်လယ်ထွက် ငါးဖမ်းတဲ့ လှေပေါင်း ၁၇၀ ကျော်ရှိပြီး အနားမှာရှိတဲ့ မြို့တောင်ရွာမှာလည်း မီးထွန်းလှေ ၁၀ ဖောင်၊ အစီး ၃၀ လောက်ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ပိုက်ဆံမပေးရင် ပင်လယ်မထွက်ရဘူးလို့ ပြောတယ်။ ဘယ်သူ့ကိုမှ တိုင်လို့လည်း မရဘူးလေ။ ငွေပေးပြီးတော့ပဲ ထွက်ရတာပေါ့။ အခုက ငါးဖမ်းရာသီရောက်နေပြီကိုး” လို့ ပြောပါတယ်။

သံတွဲမြို့နယ် မောင်ရွှေလေးရွာမှာ ရေတပ်စခန်းရှိပြီး စစ်သင်္ဘောဟာ ပင်လယ်ထွက်ဝမှာ ကျောက်ချ ရပ်တန့်ထားတာ ၁၅ ရက်လောက်ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

သံတွဲမှာ ပင်လယ်ကမ်းခြေကနေ တိုက်ရိုက် ပင်လယ်ထဲထွက်ပြီး ငါးဖမ်းတဲ့ တခြားဇုန်တွေလည်း ရှိနေသေးပြီး အဲဒီမှာလည်း ငွေကောက်၊ မကောက်ကိုတော့ မသိရသေးပါဘူး။

1 year Ago

March 17, 2021

ပုသိမ်မြို့ ငဝန်မြစ်အတွင်း ရေတပ်သင်္ဘော ဖြတ်သန်းမောင်းနှင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့ ငဝန်မြစ်အတွင်းမှာ မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘော ၁ စီး ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။

ငဝန်မြစ်အတွင်းဖြတ်သန်းမောင်းနှင်ခဲ့တဲ့ တိုက်ရေယာဥ်အမှတ် ၄၁၅ ဟာ ငဝန်မြစ်ဝနေ ပုသိမ်မြို့ရှိ စစ်တပ်ပိုင်း ရေတပ်ဆိမ်ကမ်း ကိုလာရောက်ခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူ ၁ ဦးက DVB ကို ပြောပါတယ်။

"နေ့လယ်လောက်က ဖြတ်မောင်းတာ သင်္ဘောကုန်းပတ်မှာ သေနတ်ပစ်စင်လိုမျိုးနဲ့ တိုက်သင်္ဘောပုံစံမျိုး နံပါတ်က ၄၁၅ လား မသိဘူး၊ အရင်က ပုံမှန်ဆို ဒါမျိုးလာလေ့မရှိဘူး၊ တစ်လ တစ်ခါတောင် မောင်းဒါမျိုးမတွေ့မိဘူး၊ ဒီနေ့မှ မြစ်ထဲမှာ ပြန်ဝင်လာတာ တွေ့တာ။”

ငဝန်မြစ်ထဲကနေ ဖြတ်သန်းမောင်းနှင်ပြီး ရေတပ်စခန်းမှာ ကမ်းကပ်ခဲ့တဲ့ စစ်သင်္ဘောဟာ ဘာကြောင့်လာရောက်တာလည်းဆိုတာကို ဒေသခံတွေက စိတ်ဝင်စားပြီး ကမ်းနားမှာ စောင့်ကြည့်နေသလို စစ်သင်္ဘောကတော့ ခုချိန်ထိပြန်ထွက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပုသိမ်က ငဝန်မြစ်ထဲကနေ ပြန်ထွက်ရင်း ရန်ကုန်နဲ့ ရေတပ်အခြေဆိုက် စခန်းပြုလုပ်ထားတဲ့ ဟိုင်းကြီးကျွန်းဘက်ကို ထွက်နိုင်တာဖြစ်ပြီး ဟိုင်းကြီးကျွန်းဘက်ကနေ နိုင်ငံခြားသင်္ဘောတွေ ဝင်လာနိုင်လို့ ခုလိုကြိုတင်ပြင်ဆင်တာမျိုးလည်း ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။

မြို့ခံအချို့ကတော့ ခုလိုစစ်သင်္ဘောဝင်ရောက်တာဟာ ပုံမှန်မြစ်ထဲ လုံခြုံရေးယူထားတဲ့ စစ်သင်္ဘောတွေ ချိန်းတာမျိုးနဲ့ ရိက္ခာလာတင်တာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ရဲ့ ငဝန်မြစ်ထဲမှာ စစ်တပ်ရဲ့အာဏာမသိမ်းခင် ၁ ရက် အလို ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းကလည်း ခုလို စစ်သင်္ဘော ၁ စီး မြစ်ထဲကနေ မြစ်ဝဘက်ကို မောင်းနှင်သွားတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CJ

2 years Ago
Up