ရေတပ်များ

A d v e r t i s e m e n t With Us

December 29, 2019

ရုရှား၊ တရုတ်နှင့် အီရန် ရေတပ်များ အိန္ဒိယသမုဒ္ဒရာတွင် ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှား၊ တရုတ်နဲ့ အီရန် ရေတပ်တွေ အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ကွေ့တွေမှာ ဒီဇင်ဘာ ၂၇ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ သင်တန်းလေ့ကျင့်ရေးအတွက် မကြုံစဖူး လေ့ကျင့်နေတာလို့ ရုရှားအစိုးရက ပြောပါတယ်။ အီရန်ရဲ့ ရေနံစိမ်း ရောင်းချမှုနဲ့ တခြားကုန်သွယ်ရေး အဆက်အဆံတွေကို ဖြတ်တောက်ဖို့ အမေရိကန်က ဖိအားပေးနေလို့ အီရန်နိုင်ငံပတ်လည်က ရေပိုင်နက်ဟာ နိုင်ငံတကာ တင်းမာမှုတွေအတွက် အာရုံစိုက်စရာ ဖြစ်နေတာပါ။ စစ်ဆင်ရေးအတွင်း တရုတ်နဲ့ ရုရှားစစ်သည်တွေ၊ သင်္ဘောတွေ ပါဝင်ဆင်နွှဲနေပုံ ဗွီဒီယိုကို အီရန် အစိုးရရုပ်သံက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်လွှင့်ပါတယ်။  လေးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွက် ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘောတစီး စေလွှတ်ထားတယ်လို့ တရုတ်အစိုးရက ဒီဇင်ဘာ ၂၆ မှာ ပြောပါတယ်။ ဒါဟာ လက်နက်ကိုင်တပ်မတော် သုံးရပ်အကြား ပုံမှန်စစ်ရေးဖလှယ်မှုလို့ တရုတ်က ပြောပါတယ်။ ရုရှားကတော့ ဘောလ်တစ်ပင်လယ် တပ်မဟာက ဖရီးဂိတ်စစ်သင်္ဘော၊ စစ်သုံး ကုန်သင်္ဘောနဲ့ ကယ်ဆယ်ရေး ဆွဲသင်္ဘောတို့ အပါအဝင် သင်္ဘော ၃ စီးကို စေလွှတ်ပြီး ပါဝင် စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားစစ်တပ် တရားဝင် သတင်းစာ ကြယ်နီက ပြောပါတယ်။ အိုမန်ပင်လယ်ကွေ့ဟာ ကမ္ဘာ့ရေနံ ငါးပုံတပုံ ဖြတ်သန်း သယ်ဆောင်ရာ ဟော်မုဇ် ရေလက်ကြားနဲ့ ပင်လယ်ကွေ့ဒေသကို ဆက်နေလို့ အထိအခိုက်မခံတဲ့ ရေကြောင်းပေါ်မှာ ရှိနေပါတယ်။  
1 year Ago
Up