ရေစကြိုမြို့ စုပေါင်းရုံး

August 19, 2021

ရေစကြိုမြို့ စုပေါင်းရုံးအတွင်း ဗုံး ၂ လုံးပေါက်ကွဲ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ ထွေအုပ်ရုံးစိုက်တဲ့ စုပေါင်းရုံးအတွင်းမှာ သြဂုတ် ၁၉ ရက်နေ့မနက်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဌာနဆိုင်ရာ စုပေါင်းရုံးဝင်းအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဗုံး ၂ လုံး အချိန်ခြား ပေါက်ကွာတာဖြစ်ပြီး ထိခိုက်ပျက်စီးတာတွေ ရှိနိုင်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး နေရာယူထားကာ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့နဲ့ သြဂုတ် ၉ ရက်နေ့တွေမှာလည်း လျှပ်စစ်မီတာမဆောင်တဲ့ ပြည်သူတွေကို မီးဖြတ်ထားတာကြောင့် ရေစကြိုမြို့ EPC ရုံးဝင်းအတွင်းမှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်ကလည်း ပျူစောထီးအဖွဲ့ဝင် ၂ ယောက် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်း မင်းရွာမှာ ပျူစောထီးအဖွဲ့ဝင် ဌေးလွင်နဲ့ သူရဲ့ နောက်လိုက်တစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီခန့် မင်းရွာအုပ်ချုပ်ရေးမှူးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

4 months Ago
Up