ရေစကြိုမြို့နယ်

January 22, 2023

ရေစကြိုမြို့နယ် ကျေးလက်လမ်းများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မြို့ပေါ်ကို ဝင်ရောက်နိုင်တဲ့ ကျေးလက်လမ်းတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဖျက်ဆီးလိုက်လို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်တောင်ပိုင်း ညောင်​ဇောက်ရွာကနေ ရေစကြိုမြို့ပေါ်ကို ဝင်ရောက်တဲ့လမ်းကို ဇန်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဖျက်ဆီးခဲ့ကြသလို ပေါက်တောနဲ့ ရွှေကျောင်းရွာဘက်က မြို့ဝင်ကျေးလက်လမ်းတွေကိုလည်း ဇန်နဝါရီ ၁၇ ရက်မှာ ဖျက်ဆီးခဲ့ကြတယ်လို့ ညောင်ဇောက်ရွာ ဒေသခံတယောက်က ပြောပါတယ်။

ကျေးလက်လမ်းတွေ ဖျက်ဆီးခံလိုက်ရလို့ မြို့ပေါ်ကို သီးနှံရောင်းဝယ်နေတဲ့ ဒေသခံ တောင်သူတွေ အခက်ခဲကြုံတွေ့ကြရသလို ခရီးသွားတွေပါ အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးတွေ ထိခိုက်ပျက်စီးနေပြီး စစ်ကောင်စီ တပ်က ပြည်သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် မြောက်ပိုင်း ကူတုတ်ရွာကနေ ရေစကြိုမြို့ပေါ်ကို လာတဲ့လမ်းကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ပိတ်ဆို့ဖျက်ဆီးခဲ့ပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

1 week Ago

January 18, 2023

ရေစကြိုမြို့နယ်၌ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြ

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာ ၁၀ ရွာမှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ​ လူဦးရေ ၁၀၀၀ ကျော်နဲ့ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ ပခုက္ကူခရိုင် အမှတ် (၁၀)တပ်ရင်း သွေးသောက်တပ်ခွဲကနေ သိရပါတယ်။

ရေစကြိုမြို့နယ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ကျေးရွာ ၁၀ ရွာကိုလှည့်လည်ပြီး ဒီမနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဆန္ဒပြခဲ့ကြတာမှာ သွေးသောက်တပ်ခွဲရဲ့ ရဲဘော်တွေက ဆန္ဒပြပွဲကို  လုံခြုံရေးဆောင်ရွက်ပေးကာ ပြည်သူတွေကို အအေး ၊ရေသန့်နဲ့ မုန့်တွေ ဝေငှလှူဒါန်းခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတရပ်လုံးက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆီကနေ မတရားအာဏာသိမ်းပြီး သူတို့ရဲ့ထွက်ပေါက် ဟန်ပြရွေးကောက်ပွဲကျင်းပတာကို လုံးဝလက်ခံစရာအကြောင်းမရှိတာကြောင့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြတာလို့ သွေးသောက်တပ်ခွဲရဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို လူဦးရေ သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်နေတဲ့ သူတွေနဲ့ Non-CDM ဝန်ထမ်းတွေအပါဝင် စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို အားပေးအားမြှောက်ပြုလုပ်သူတွေကိုလည်း အပြစ်ပေး အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်နဲ့ ရေစကြို မြို့နယ်တွေမှာလည်း စစ်ကောင်စီအလိုကျ တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ ပြုစုနေတဲ့ မြို့နယ် လဝက ရုံးတွေကို ဇန်နဝါရီလ ၃ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

2 weeks Ago
More News
Up