အမေရိကန်ရေတပ်က နျူကလီးယားအင်ဂျင်နီယာနဲ့ သူ့ရဲ့ဇနီးတို့ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနဲ့ပတ်သက်တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေ ရောင်းချမှုနဲ့ တရားစွဲပြီးပြီလို့ တရားရေးဌာနက အောက်တိုဘာ ၁၀ ရက်မှာ ပြောပါတယ်။
ဂျွန်နသန်တိုဘီနဲ့ ဇနီး ဒိုင်ယာနာတို့ဟာ နိုင်ငံခြားတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေသူအဖြစ် အသွင်ယူ ဟန်ဆောင်ထားတဲ့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI သူလျှိုကို လျှို့ဝှက်ချက်တွေ ရောင်းခဲ့တာပါ။
သူတို့ကို အောက်တိုဘာ ၉ ရက်မှာ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဖမ်းဆီးခဲ့ပြီးနောက် အနုမြူစွမ်းအင်အက်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲခဲ့တယ်လို့ တရားရေးဌာနက ကြေညာချက် ထုတ်ပြန်ပြီး အောက်တိုဘာ ၁၂ ရက်မှာ ဗာဂျီးနီးယားပြည်ထောင်စု တရားရုံးမှာ စစ်မေးဖို့ စီစဉ် ထားပါတယ်။
တရားရေးဌာနက “အသက် ၄၂ နှစ်အရွယ် တိုဘီဟာ ထိပ်တန်းလျှို့ဝှက် လုံခြုံရေးကင်းရှင်းတဲ့ ရေတပ်နျူကလီးယား အင်ဂျင်နီယာတဦးပါ။ သူဟာ ၂၀၂၀ က ကန့်သတ် သတင်းအချက်အလက်တွေပါတဲ့ အိတ်တလုံးကို ဘယ်နိုင်ငံမှန်း မသိတဲ့ နိုင်ငံတနိုင်ငံဆီ ပို့ခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံခြားအရာရှိ အယောင်ဆောင် FBI သူလျှိုကို လျှို့ဝှက်အချက်အလက်တွေ ဆက်ရောင်းခဲ့တယ်။ စုစုပေါင်း ဒေါ်လာတသိန်းကို ဒစ်ဂျစ်တယ် ငွေကြေးနဲ့ အရစ်ကျ ပေးချေခိုင်းခဲ့တယ်”လို့ ပြောပါတယ်။
မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့မှာရှိတဲ့ သူတို့အိမ်ကို FBI သူလျှိုတွေက စနေနေ့မှာ ဝင်ရှာခဲ့တယ်လို့ အိမ်နီးချင်းတွေက NBC သတင်းဌာနကို ပြောပါတယ်။