ရေငုပ်သင်္ဘော

July 13, 2022

မာန်အောင်ကမ်းခြေတွင် မပေါက်ကွဲသေးသည့် တော်ပီဒိုဒုံး တွေ့ရှိ

ရခိုင်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ စစ်ကောင်စီတပ်က ဇူလိုင် ၆ ရက်က စစ်ရေးလေ့ကျင့်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာတော့ မာန်အောင်မြို့နယ် မိန်းမကြွယ်ကမ်းခြေမှာ မပေါက်ကွဲသေးတဲ့ တော်ပီတို လက်နက်ကြီးတလုံး တွေ့ရှိခဲ့တယ်လို့ မာန်အောင်ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ဟာ ရေငုပ်သင်္ဘောက ပစ်လိုက်တယ်လို့ သိရှိထားပြီး မပေါက်ကွဲသေးလို့ လူတွေ သိပ်သွားမကြည့်ရဲကြဘူးလို့ မာန်အောင်ကျွန်း ဒေသခံတယောက်က ပြောပါတယ်။

အဲဒီ တော်ပီဒိုဒုံးဟာ အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိပြီး လက်နက်ပေါ်မှာ D&P တော်ပီဒိုလို့ ရေးသားထားတဲ့စာတန်း ပါရှိကာ လက်ရှိမှာ တာဝန်ရှိသူတွေ စစ်ဆေးဖို့ ရောက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ ဒေသတွင်းမှာ စစ်ရေးတင်းမာပြီးတဲ့နောက် ရခိုင်ကမ်းရိုးတန်းရေပြင်မှာ တပ်မတော်(ရေ) ရဲ့ စစ်ရေးလေ့ကျင့်ပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ပင်လယ်ပြင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ရှားပါး ဝေလငါး သားပေါက်တကောင် သေဆုံးသွားခဲ့သလို အခုလို မပေါက်ကွဲသေးတဲ့ တော်ပီဒိုလက်နက်လည်း တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ရုရှားနိုင်ငံထုတ် ရေငုပ်သင်္ဘောကို ၂၀၂၀ မှာ လက်ခံရရှိထားပြီး တရုတ်နိုင်ငံထုတ် ရေငုပ်သင်္ဘောကိုတော့ ၂၀၂၁ ခုနှစ်မှာ လက်ခံရရှိထားကာ ရေငုပ်သင်္ဘော စုစုပေါင်း ၂ စီး ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။

5 months Ago

May 31, 2022

ရခိုင်တွင် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီရေတပ်က ၁ စီးတည်းသော ရေငုပ်သင်္ဘောကို ပို့ဆောင်

ရခိုင်ပြည်နယ်မှာ၊ စစ်ရေးတင်းမာနေချိန်မှာ စစ်ကောင်စီရေတပ်ရဲ့  ရေငုပ်စစ်သင်္ဘောကို  မေ ၃၁ ရက် ဒီနေ့မနက်က ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ဖြတ်သန်းသွားခဲ့တာကို မြင်တွေ့လိုက်ကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရေငုပ်သင်္ဘောဟာ ဒီနေ့ မနက် ၈ နာရီလောက်က ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ကို ဖြတ်သန်းသွားတာဖြစ်ပြီး အဲဒီသင်္ဘောရှေ့မှာ တခြား စစ်သင်္ဘော တစီးလည်း ခုတ်မောင်းသွားကာ  ဓညဝတီရေတပ်စခန်းဌာနချုပ်လက်အောက်မှာရှိတဲ့ အုန်းဂျွိန်စခန်းကို သွားရောက်တာဖြစ်နိုင်လို့ ဒေသခံ ၁ ဦးက ခန့်မှန်း ပြောပါတယ်။

“ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက် မြင်လိုက်ရတာပေါ့။ ရေပေါ်မှာတော့ နည်းနည်းတော့ပေါ်နေတယ်။ အဝေးက လှမ်းကြည့်ရတာဆိုတော့ သင်္ဘောပေါ်မှာ လူတွေ ပုံစံမျိုးတော့ မြင်ရတယ်။ ရေတပ်ဌာနချုပ်ရဲ့ ကမ်းတဘက်မှာရှိတဲ့ အုန်းဂျွိန်ရေတပ်စခန်းကို သွားတာဖြစ်လောက်တယ်။”

စစ်ကောင်စီဟာ တရုတ်စီမံကိန်းတွေရှိတဲ့ မဒေးကျွန်းရဲ့ တဘက်ကမ်းမှာရှိတဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်လက်အောက်ခံ ရေတပ်စခန်းငယ်လေးရှိတဲ့ အုန်းဂျွိန်ကျွန်းမှာ  ၂၀၂၀ ပြည့်နှစ်ကစပြီး ရေငုပ်သင်္ဘောထားနိုင်ဖို့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ခဲ့တာဖြစ်ကာ လက်ရှိ အဲဒီ ဆိပ်ကမ်းကို လာရောက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာ့တပ်မတော်ရဲ့ပထမဆုံး ရေငုပ်သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလလောက်က  စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာ  စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့အကြား စစ်ရေးတင်းမာနေချိန် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အနှံ့ စစ်ရေးလှုပ်ရှားလာနေကာ စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေသလို အေအေနဲ့ ဆက်စပ်သူတွေကို လိုက်လံ ဖမ်းဆီးတာ၊ စုံစမ်းတာတွေရှိနေပါတယ်။ 

ဒါ့အပြင်  အခုလို စစ်ကောင်စီတပ်က  ရေငုပ်သင်္ဘောကို ထပ်မံပို့ဆောင်တာကြောင့်  ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်စွာပြန်ဖြစ်လာမှာကို ဒေသခံတွေမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

6 months Ago
More News
Up