ရေချိုဂရမ်အင်း

July 16, 2020

သထုံခရိုင်တွင် ရေချိုဂရမ်အင်း လေလံတင်ရောင်းချမှုမှ ငွေကျပ် ၉၂ သိန်းကျော်ရရန် လျာထား

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ရေချိုဂရမ်အင်းတွေကို အခုနှစ်လေလံတင်ရောင်းချမှု အတွက် ဘဏ္ဍာငွေ ကျပ် ၉၂ သိန်း ရရှိနိုင်ဖို့ လျာထားတယ်လို့  သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် အင်းလေလံလျာထားငွေမှာ ၈၇၇၉၄၀၀ ကျပ်ဖြစ်ပြီး လေလံတင်ရောင်းချရရှိခဲ့မှုမှာ ဘဏ္ဍာငွေ ကျပ်  ၁၂၄၁၂၃၀၀ ရရှိခဲ့ပါတယ်။ အခုနှစ်ရေချိုဂရမ်အင်းလေလံတင်ရောင်းချမှုအတွက် ဘဏ္ဍာငွေကျပ် ၉၂၁၃၀၀၀ ကို လျာထားရရှိအောင်ဆောင်ရွက်သွားမယ်လို့ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှဝေက ဒီဗွီဘီကိုပြောပါတယ်။ “အဓိကရည်ရွယ်ချက်ကတော့ ဒေသတွင်းကငါးမျိုးတွေမပျောက်ပျက်ရအောင်နဲ့ ငါးစားသုံးမှု အတွက် ရိက္ခာဖူလုံအောင်လို့ ဂရမ်အင်းတွေကို နှစ်စဉ်လေလံတင်ရောင်းချတာပါ။ သထုံခရိုင်ထဲက မြို့နယ် ၄ ခု အနက် ဘီးလင်း၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်တွေမှာရှိတဲ့ ဂရမ်အင်းပေါင်း ၁၆ အင်းကို လေလံတင်ရောင်းချပေးမှာပါ။ ခရိုင်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး အင်းအရေအတွက်တွေ လျော့နည်းလာတာတွေရှိပါတယ်။ ဒါပေမယ့်လည်း အင်း ဆိုတာက အန်တီတို့ရဲ့ ဥပဒေအရဆိုရင် ၅ နှစ်ဆက်တိုက်ပိတ်ထားရင် အင်းအဖြစ်ကနေ ပြန်ပြီးဖျက်သိမ်းရပါတယ်။ ဒီနှစ်မှာလည်း အင်း လေလံ လျာထားငွေကို မကျော်လွန်နိုင်ရင်တောင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွား မှာပါ” လို့ သူက ဆက်ပြောပါတယ်။ သထုံမြို့နယ်အတွင်းရှိ လှည်းဘီးအင်း၊ မိချောင်းအိုင်အင်း၊ နော်ရီအီဟယ်ကျောက်စရစ်အင်းနဲ့ ဝီယော် နောင်ကတုတ်အင်းတို့ကို အခုနှစ်ငါးဖမ်းရာသီအတွက် ဇူလိုင် ၁၅ ရက်က လေလံတင် ရောင်းချခဲ့ရာမှာ လေလံလက်မှတ်ဝယ်ယူသူ ၄ ဦးရှိခဲ့ပြီး ၂ ဦးက တန်ဖိုးငွေကျပ် ၄၆၀၀၀၀ နဲ့ လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။ သထုံခရိုင်အတွင်းရှိ မြို့နယ် ၄ ခုအနက်  သထုံမြို့နယ်ရှိ အင်း ၄ အင်း၊ ဘီးလင်းမြို့နယ်ရှိ ၁၀ အင်းနဲ့ ကျိုက်ထိုမြို့နယ်ရှိ အင်း ၂ အင်း တို့ကို အခုနှစ်အတွက် လျာထားဘဏ္ဍာငွေကျပ် ၉၂ သိန်းကျော်နဲ့ လေလံတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
10 months Ago
Up