ရေကြီးရေလျှံ

October 15, 2022

ဗဟိုအာဖရိကတွင် ရေကြီးရေလျှံသဖြင့် လူရာပေါင်းများစွာ နေအိမ်များကို စွန့်ခွာ

ဗဟိုအာဖရိကရှိ ချဒ်နိုင်ငံမှာ အောက်တိုဘာ ၁၃ ရက်က နိုင်ငံရဲ့ အကြီးဆုံးမြို့တော် Ndjamena ရဲ့ အမှတ် ၉ ခရိုင်မှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် လူရာပေါင်းများစွာဟာ နေအိမ်တွေနဲ့ လုပ်ငန်းတွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရပါတယ်။ 

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအများစုပါဝင်တဲ့ ရေဘေးဒုက္ခသည်တွေဟာ သူတို့ ပိုင်ဆိုင်သမျှပစ္စည်းတွေကို ခေါင်းပေါ်တင်ကာ ခြေလျင်ခရီး ထွက်ခဲ့ကြပြီးတော့ ယာယီစခန်းတခု တည်ဆောက်ဖို့ ခြောက်သွေ့မြေပြင်ကို ရှာဖွေကြပါတယ်။ 

အသက် ၃၁ နှစ်အရွယ် ဒေသခံ Thomas Ngueadoum ကတော့ ပြည်နယ်အစိုးရအနေနဲ့ အရေးပေါ် ဖြေရှင်းရမှာဖြစ်ကြောင်းနဲ့ ကလေးတွေဟာ ဒီရာသီဥတုကို အကြာကြီး ထိတွေ့ရရင် ခြင်ကိုက်ခံရ၊ အအေးမိနိုင်ခြေရှိပြီး ဖျားနာကုန်မယ် လို့ ပြောဆိုပါတယ်။ 

ဗဟိုအာဖရိကနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ မေလမှ အောက်တိုဘာလအထိ ကျရောက်တဲ့ မိုးရာသီမှာ ရေကြီးခြင်းဟာ အဆန်းတော့မဟုတ်ပါဘူး။ 

ဒါပေမယ့် အခုနှစ်မှာ မိုးစောစော ကျရောက်ပြီး နှစ် ၃၀ ကျော်အတွင်း အပြင်းထန်ဆုံး ရာသီမိုး ရွာသွန်းမှုဖြစ်ခဲ့ပြီး ရေနုတ်မြောင်းတွေနဲ့ ရေကန်တွေကို မြန်မြန်ဆန်ဆန် ရေပြည့်လျှံ ကုန် တာကြောင့် မြို့တော် N'djamena ရဲ့ အစိတ်အပိုင်းတွေကို လှေနဲ့သာ သွားလာလို့ရပါတယ်။ 

2 months Ago

October 4, 2022

ယင်းမာပင်မြို့နယ်တွင် ချောင်းရေကြီးပြီး စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာ  ၄ ရက် မနက် ၇ နာရီလောက်က မြောက်ယမားချောင်း ရေကြီးလျှံမှုကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီး ဆုံးရှုံးခဲ့ရသလို လယ်ယာသုံးပစ္စည်းတချို့နဲ့ နေအိမ်တလုံးလည်း ရေထဲမျောပါ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပိုင်ကျေးရွာနေ ပြည်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာဖြစ်ပြီး ကပိုင်ကျေးရွာရဲ့ ဘေးပတ်လည်ရှိ မြေနုကျွန်းမှာ စုစုပေါင်း စိုက်ပျိုးဧက ၂၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီကျွန်းတွေပေါ်မှာ အရင်နှစ်တွေတုန်းကလည်း ပဲတီစိမ်း၊ မြေပဲသီးနှံအများဆုံး စိုက်ပျိုးပြီး အဲဒီကြားထဲမှာ တခြားသီးနှံတချို့ကို စိုက်ပျိုးကြသလို အခုနှစ်မှာလည်း အဲဒီသီးနှံတွေကို ထပ်မံစိုက်ပျိုးထားကာ ရေကြီးလျှံမှုကြောင့် စိုက်ပျိုးထားတဲ့ သီးနှံအားလုံး ရေထဲ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ရေလျှံမှုကို ကြုံနေရတဲ့ ကပိုင်ကျေးရွာဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အဆောက်အအုံပေါင်း ၅၀၀ ကျော်လောက် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ဘေးကြောင့် အခက်အခဲတွေရှိနေသေးသလို ရေဘေးကပါ ထပ်မံကြုံတွေ့နေကြရတာကြောင့် စေတနာရှင်ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီပေးကြဖို့လည်း ဒေသခံတွေက အကူအညီတောင်းခံထားပါတယ်။

2 months Ago
More News
Up