ရေကြီးမှုဒဏ်

December 2, 2019

ဒီရေတောများ မရှိတော့သည့် အင်ဒိုနီးရှားနိုင်ငံ ရေကြီးမှုဒဏ် ခံနေရ

ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့  ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီရေတောတွေ မရှိတော့တဲ့နောက်  ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တခုဖြစ်တဲ့ ရေကြီးတာတွေကို သိသိသာသာ ခံစားနေရပါပြီ။ ကမ်းရိုးတန်းအရှည်မိုင် ၅၀၀၀၀ကျော်ရှိပြီး ကမ္ဘာ့ဒီရေတော ငါးပုံတပုံကျော်ကို ပိုင်ပေမယ့် ကမ်းရိုးတန်းနေ ပြည်သူတွေဟာ ဒီရေလှိုင်းတွေကို ကာကွယ်ပေးနေတဲ့ ဒီရေတောတွေကို ခုတ်ထွင် ရှင်းလင်းပြီး ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေ လုပ်ခဲ့ကြလို့ ခုတော့ ဒီရေလွှမ်းမိုးမှု ဒဏ်ကို ခံနေရတာပါ။ မြို့တော်ဂျကာတာ တည်ရှိရာ ဂျာဗားကမ်းရိုးတန်းတလျှောက် မြို့ရဲ့  ငါးပုံ နှစ်ပုံဟာ ပင်လယ်ရေအောက် ရောက်နေပြီး ရေကြီးတဲ့ဒဏ်ကို ခံနေရတာဖြစ်လို့ အစိုးရက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုတွေနဲ့အတူ ဒီရေတောတွေ ပြန်စိုက်ပြီး ရေကာတာတွေ ပြန်ဆောက်နေရပါတယ်။ ဒါ့အပြင် ဒေသခံရွာသားတွေကပါ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်တဲ့ အမှိုက်နဲ့ ရေစီမံခန့်ခွဲရေးပညာပေးဖို့ အစီအစဉ်တရပ်ကိုလည်း အင်ဒိုနီးရှားအစိုးရက မိတ်ဆက်ခဲ့ပါတယ်။ အစီအစဉ်ထဲမှာပါတဲ့ ဝင်ငွေနိမ့် တံငါသည်တွေ နေထိုင်ရာရွာမှာ မြေအောက်ရေ သုံးစွဲမှုနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေကြောင့် ရေကြီး၊ လှိုင်းကြီးတာတွေကို ပိုပြီးဒဏ်ခံနေရတာပါ။ ဝင်ငွေနည်းတဲ့အတွက် အိမ်ရေမြုပ်တဲ့ဒဏ်ကြောင့် အိမ်ပြန်ပြင်ဆောက်ဖို့ရော ဒီနေရာကနေ ထွက်သွားဖို့ပါ မတတ်နိုင်ဘူးလို့ ရွာသား အဗ်ဒူဟာဒီက ပြောပါတယ်။ မြို့တော်ကို ဂျာကာတာကနေ  ဘော်နီယိုကျွန်းအရှေ့ပိုင်းဆီပြောင်းဖို့ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံတန်စီမံကိန်းကို သမ္မတ ဂျိုကိုဝီဒိုဒိုက သြဂုတ်လမှာ ကြေညာထားပါတယ်။
2 years Ago
Up