ရေး-မော်လမြိုင်ကားလမ်း၊ ရေးမြို့နယ် စံပြကျေးရွာနဲ့ မော့ကနင်ကျေးရွာအကြားမှာ သြဂုတ် ၁၆ ရက် ညနေ ၅ နာရီခွဲကစတင်ကာ ဒီနေ့ မနက်အထိ ကားလမ်းရေကျော်နေတာကြောင့် အိမ်စီးကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံချောင်းဆုံရှိ မိုးက ဆက်လက် ရွာသွန်းနေတာကြောင့် အနိမ့်ပိုင်းက လူနေအိမ်တွေ ရေတွေ ဆက်လက်ဝင်ရောက်နေတာကြောင့် ရာချီ အိမ်တွေက လူ ၅၀၀ ထက်မနည်း ရေလွတ်ရာသို့ ပြောင်းရွှေ့ထားရပါတယ်။
ကားလမ်း ရေကျော်တာကြောင့် ကားကြီးတွေသာ သွားလာလို့ရပြီး အိမ်စီးကားတွေ၊ ကားငယ်တွေ ဖြတ်သန်းမရဘဲ ရေး-မော်လမြိုင်ကားလမ်းရှိ စံပြကျေးရွာနဲ့ မော့ကနင်ကျေးရွာကြားအပြင် နှီးပဒေါ နေရာမှာလည်း အိမ်စီးကားတွေ သွားမရဘဲ ပိတ်မိနေတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
နှစ်ရက်အတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရေချိန် ၆ လက်မမှ ၈ လက်မအတွင်း ရွာသွန်းမှာဖြစ်ပြီး အထူးသဖြင့် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက္ခမီ၊ သံဖြူဇရပ်၊ ကမာဝက်၊ ရေး၊ လမိုင်းဘက်မှာ ဖြစ်ပါတယ်။
လက်ရှိ ရေမြုပ်နေတဲ့ မြို့နယ် ရပ်ကွက်တွေက မိဘပြည်သူတွေ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ထားစေချင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒီနေ့လည်း မိုးဆက်ရွာပြီး ရေကြီးနေတာကြောင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံမြို့နယ်တို့ရှိ အနိမ်းပိုင်းက အိမ်ခြေ ၁၅၀ လောက် ရေဝင်နေပြီး လူဦးရေ ၅၀၀ ဝန်းကျင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေကို ယာယီပြောင်းရွှေ့နေရပါတယ်။
ဒါ့အပြင် ချောင်းဆုံနဲ့ ပေါင်မြို့နယ်ကတော့ လေပြင်းတိုက်ခိုက်ခံရတာကြောင့် လူနေအိမ် ၁ ဒါဇင်ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံး ရှိမရှိသေးတော့ မသိရသေးပါဘူး။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ ခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ဖွားစောကျေးရွာအုပ်စု၊ သူဌေးကန်ကျေးရွာ၊ ဓမ္မရာဇိကဘုရားအနီးရှိ သူဌေးကန်ချောင်းရေကျော်ဟာ စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီက ရေကျော်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
''သူဌေးကန်ချောင်းရေကျော်နေပါတယ်။ ခရီသွားပြည်သူများ ချောင်းတစ်ဘက်တစ်ချက်မှာ ပိတ်မိနေတွေရှိတယ်။ အခု မီးသတ်က လာကူညီပေးနေတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေကျော်တဲ့နေရာမှာ လမ်းခရီးသွားလာသူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသက်ကယ်ကြိုးတွေနဲ့ တားထားပေးပြီး ပုဂံနယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တွေ ကူညီဖြတ်သန်း သယ်ယူပေးတာ၊ အသုံးအဆောင်ပစ္စည်းတွေ ကူညီသယ်ယူပို့ဆောင်ပေးတာ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ချီတွဲဖြတ်ကူးပို့ဆောင်ပေးနေပါတယ်။
စက်တင်ဘာ ၉ ရက် ညပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံဒေသရှိ မီးသတ်ချောင်းရေမြင့်တက်လာလို့ မဏိစည်သူစျေးအနီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာမရအောင်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။