ရေကူးကန်တည်ဆောက်မည်

November 27, 2020

မြစ်ကြီးနားတွင် ကျပ်သိန်း ၂၀,၀၀၀ ခန့် ကုန်ကျခံမည့် ရေကူးကန်တည်ဆောက်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အများပြည်သူအသုံးပြုနိုင်မယ့် ရေကူးကန်ကြီးတခုကို ငွေကျပ်သိန်း ၂၀,၀၀၀  ကုန်ကျခံ တည်ဆောက်သွားမယ်လို့ ကချင်ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနကနေ သိရပါတယ်။ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်တဲ့ရေကူး အားကစားသမားတွေ ပေါ်ထွက်လာစေဖို့နဲ့ ပြည်သူလူထုအပန်းဖြေဖို့၊ အားကစားရပ်ဝန်းအဖြစ် ပြုလုပ်သွားဖို့ ရေကူးကန်ကို တည်ဆောက်သွားမယ်လို့ ပြည်နယ်အားကစားနဲ့ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်သူက ပြောပါတယ်။ အဲ့ဒီရေကူးကန်ကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းမှာရှိတဲ့ ၂၄ ဒသမ ၆၆၂ ဧက ကျယ်ဝန်းတဲ့ ငြိမ်းချမ်းသာယာကားကြီးကွင်းအဟောင်းမှာ ပြည်ထောင်စုရန်ပုံငွေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဘောလုံးကွင်းတစ်ကွင်းစာလောက် ကျယ်ဝန်းမယ့် အဲ့ဒီရေကူးကန်မှာ ပြေးလမ်း ၁၀ လမ်း၊ ပွဲကြည့်စင်၊ ရေကူးကစားသမားတွေအတွက် အမျိုးသား၊ အမျိုးသမီး အိပ်ဆောင်၊ အဝတ်လဲခန်း၊ ရေကူးဝတ်စုံငှားရမ်းခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းတွေ ဆောက်လုပ်သွားမှာဖြစ်ပြီး ပြည်သူလူထုလက်လှမ်းမီတဲ့ စျေးနှုန်းနဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဦးအောင်သူက ပြောပါတယ်။ သတင်း- မမီးမီး
5 months Ago
Up