ရုံးထုတ်စစ်ဆေး

September 12, 2022

ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ရုံးထုတ်စစ်ဆေးမည်

အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံနေရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ   တရားရုံးမှာ ရုံးထုတ်ဖို့ ရှိပါတယ်။

ခရစ်ကတ် လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ရဲတပ်ဖွဲ့က  ဖမ်းဆီးပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပေမဲ့  သက်တမ်းတိုးပေးထားတဲ့ အာမခံဟာလည်း သက်တမ်းကုန်ကုန်ခါနီးနေပါပြီ။

စစ်တပ်တွင်း ပုန်ကန်ဖို့ လှုံ့ဆော်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့  သူ့ရဲ့လက်ထောက်တစ်ဦးကို ရဲတပ်ဖွဲ့က ညှဉ်းပန်း နှိပ်စက်ခဲ့တယ်လို့ အင်မရန်ခန်းက မိန့်ခွန်းမှာထည့်သွင်း ပြောဆိုတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့တာပါ။

သူ့လက်ထောက်ကို ရမန်ထုတ်ခဲ့တဲ့ အစ္စလာမာဘတ် ရဲချုပ်နဲ့ အမျိုးသမီး တရားသူကြီးတစ်ဦးတို့ကို လွှတ်ပေးမှာမဟုတ်ဘူးလို့ ခန်းက သူ့မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပြီး သူတို့ကို တရားဥပဒေအရ အရေးယူမယ်လို့ ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဲဒီမှတ်ချက်ကို ကိုးကားပြီး ခန်းဟာ ရဲတွေနဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့အကြား အကြမ်းဖက်မှု ပျံ့နှံ့စေဖို့နဲ့ တာဝန်မထမ်းနိုင်အောင် တားဆီးဖို့ ရည်ရွယ်တယ်လို့ စွပ်စွဲ  ဖမ်းဆီး  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကတော့ အမှုကိုကြားနာပြီးတဲ့နောက် သူ့မိန့်ခွန်းထဲမှာ ဘာအမှားအယွင်းမှ မပါခဲ့ဘူးလို့ ပြောပါတယ်။

လာမယ့်နှစ်အောက်တိုဘာလအထိ ရွှေ့ဆိုင်းထားတဲ့ ရွေးကောက်ပွဲအတွက် ထောက်ခံ အားပေးတဲ့ ခန်းရဲ့ ချီတက်ပွဲတွေကြောင့် ပါကစ္စတန်နိုင်ငံထဲမှာ နိုင်ငံရေး တင်းမာမှုတွေ ဆက်လက် မြင့်မား နေပါတယ်။ 

3 months Ago

April 19, 2022

ပြည်သူ့အတွက် ရဟတ်ယာဉ်ဝယ်ယူမှုဖြင့် နိုင်ငံခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသည့်အမှု ရုံးထုတ်စစ်ဆေး

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ ကူညီကယ်ဆယ်ပေးနိုင်ဖို့ ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့အမှုကို ဧပြီ ၁၉ ရက် ဒီနေ့  ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုက်အဝိုင်းကနေ သိရပါတယ်။

မနေ့ ရုံးချိန်းမှာ တရားလို ဦးအောင်ခန့်ကို ဆက်လက်စစ်ဆေးတာမှာ တရားလိုဘက်ကတင်ပြတဲ့ စာရွက်စာတမ်းနဲ့ပတ်သက်လို့ အငြင်းပွားတာတွေဖြစ်ခဲ့ပြီး ဘယ်လို အငြင်းပွားမှုတွေဖြစ်တယ်ဆိုတာတော့ အသေးစိတ်မသိရှိရဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။ 

၂၀၂၁ ခုနှစ်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်း၊ သက်တမ်းတိုး၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုတားတာဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုနဲ့ဆက်နွှယ်တဲ့  တခြားအမှုတွေကိုလည်း ဒီနေ့မှာ ဆက်လက်စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဧပြီ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဒီနေ့ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီးလည်း ဖြစ်ပါတယ်။

8 months Ago
More News
Up