ရုံးချိန်း

January 21, 2021

ဝါးခယ်မလယ်သမားများအမှု ရုံးချိန်း တရားလိုလာရောက်ခြင်း မရှိ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ လယ်သမား ၃၂ ယောက်ကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက် ဒုတိယအကြိမ်ရုံးချိန်းမှာ တရားလိုဘက်က လာရောက်ခြင်း မရှိလို့ ရုံးချိန်ပြန်ချိန်းဆိုထားပါတယ်။ တရားစွဲခံရသူ လယ်သမား ကိုမြတ်ခိုင်က "လယ်သမားတွေဘက်က အကုန်လုံးလာပေမဲ့ တရားစွဲတဲ့ တရားလိုဘက်က တာဝန်ရှိသူ တွေ မလာဘူး။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ပြန်ချိန်းဆိုပါတယ်''လို့ ပြောပါတယ်။ တရားရုံးက ခေါ်တဲ့အချိန်မှာ လယ်သမားတွေက အလုပ်တွေဖျက်ပြီးလာပေမဲ့ တာဝန်ရှိတွေဘက်က ရောက်မလာတဲ့အပေါ် အနိုင်ကျင့်သလို ခံစားရတယ်လို့ လယ်သမားတွေက ပြောပါတယ်။  ကျုံပဒုတ်ချောင်းဝကျေးရွာက အမှတ် ၄ စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့ လယ်သမားတွေက ရေရရှိရေးအတွက် အင်းလုပ်ငန်းဘက်ကအတားအဆီးတွေကို  ဒီဇင်ဘာ ၁၀ ရက်က ဖယ်ရှားခဲ့တာကြောင့် ထွေ/အုပ်က လယ်သမားတွေကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာပါ။ လယ်သမားတွေဘက်ကတော့ ပြစ်မှုကျူးလွန်ခဲ့တာမရှိကြောင်းနဲ့ ရေ ရရှိရေးအတွက်သာ ဆည်မြောင်းဌာနရဲ့ အမိန့်ထုတ်ပြန်ချက်အတိုင်း အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး လယ်သမားတွေက ဝါးခယ်မမြို့ရဲစခန်း၊ ငါးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ဆည်မြောင်းရုံးရှေ့တွေမှာ ဒီဇင်ဘာ ၂၃ ရက်က  လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ မင်းထက်မုန်း(ပုသိမ်)
11 months Ago

August 14, 2020

တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးကို စွဲထားသည့်အမှု  ရုံးချိန်း ၇၃ ချိန်းစစ်ဆေးပြီး  

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို သြဂုတ် ၁၄ ရက်က  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ ရုံးထုတ်စစ်ဆေး ပါတယ်။ ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေ ဒေါ်ဖြူစင်သွယ်ကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန်တိုင်းတရားလွှတ်တော်ပြန်ကြားရေးအဖွဲ့က သိရပါတယ်။ ဒီအမှုအတွက် တရားလိုပြသက်သေ ၃၈ ဦး တင်သွင်းထားတာမှာ အခုအချိန်ထိ တရားလိုအပါအဝင် ၁၀ ဦးကို စစ်ဆေးပြီး ဖြစ်ပါတယ်။ တိုင်းတရားဥပဒေချုပ်ဟောင်း ဦးဟန်ထူးကို ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲတင်ထားပြီး ကျန်တဲ့သူတွေကိုတော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မ ၅၆ နဲ့ တရားစွဲတင်ထားတာ ဖြစ်ပါတယ်။ ဦးဟန်ထူးအပါ ၆ ဦးဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်တဲ့အမှုမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး အဂတိတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က တရားလို ပြုလုပ် တိုင်ကြားခဲ့တာပါ။  ဒီအမှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်ကတည်းက  စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ရုံးချိန်း ၇၃ ချိန်းအထိ စစ်ဆေးပြီး ဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ သြဂုတ်  ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ နူးရာ
1 year Ago
Up