ရုံးခေါ်သက်သေ

February 17, 2020

ဦးစိုးထွန်းရှိန်အမှုအတွက် အမြဲတမ်းအတွင်းဝန်ကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးမည်

မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်အမှုနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန်ကို လာမယ့် ရုံးချိန်းမှာ စစ်ဆေးမယ်လို့ သိရပါတယ်။ ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းအောင်က “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို ရာဇာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ အရ ရုံးခေါ်သက်သေအဖြစ် ခေါ်ယူ စစ်ဆေးပေးပါရန် စွပ်စွဲခံရသူ ဦးစိုးထွန်းရှိန်ဘက်က လျှောက်ထားချက်ကို ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။ လာမယ့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး ကျန်ရှိတဲ့ လိုပြသက်သေတွေကို စစ်ဆေးလိုမှု ရှိ မရှိအတွက် ဥပဒေအရာရှိက မေးမြန်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဦးစိုးထွန်းရှိန်ဟာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌတဦးဖြစ်ပြီး မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ ရွှေတူးခွင့် ပါမစ်ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်လုပ်ကိုင်ခဲ့တဲ့ အတွက် သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရမည်းသင်းမြို့နယ် တရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမှုအတွက် လိုပြသက်သေ ၁၈ ဦးကို စစ်ဆေးဖို့ရှိပြီး လက်ရှိ ၁၁ ကြိမ်မြောက်ရုံးချိန်းအထိ တရားလိုသက်သေ ၁၃ ဦး (၁ ဦးသေဆုံး စာရင်းမှ ပယ်ဖျက်ခဲ့) ကို စစ်ဆေးထားပြီးဖြစ်ပါတယ်။
1 year Ago
Up