နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Venom 2 ကို လတ်တလော ကမ္ဘာတလွှား ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရုံတင်ရက်ရွှေ့ ဆိုင်းသွားဖို့ ရှိနေပါတယ်။
စူပါဟီးရိုးရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ဗြိတိန်သရုပ်ဆောင်ဒါရိုက်တာ Andy Serkis က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
Marvel Comics ဇာတ်ကောင်တွေကို အသက်သွင်း ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားဟာ စွန့်စားမှုအက်ရှင်အသားပေး ရုပ်ရှင်တွေကြိုက်တဲ့ ပရိသတ်တွေ သဘောကျမယ့် ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
ဒီကားဟာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံတင်ဝင်ငွေစံချိန်တင် ရုပ်ရှင်ကားတကား ဖြစ်တဲ့ Venom ရဲ့ ဒုတိယမြောက် နောက်ဆက်တွဲရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပြီး အရင်ရုပ်ရှင်ကားထဲက အဓိကဇာတ်ဆောင်မင်းသား Tom Hardy ကပဲ ခေါင်းဆောင် ပါဝင်ထားခဲ့ကာ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Woody Harrelson ၊ Michelle Williams ၊ Reid Scott ၊ Naomie Harris တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။
အရင်ဇာတ်လမ်းထဲမှာတော့ မင်းသား Tom Hardy က စုံစမ်းထောက်လှမ်းမှုဆိုင်ရာ သတင်းထောက်တယောက်ကနေ ဂြိုဟ်သား (Alien) တကောင်ဖြစ်တဲ့ Symbiote ဝင်ပူးခံလိုက်ရတဲ့ (Host) တယောက်အဖြစ် သရုပ်ဆောင်ထားခဲ့ကာ Host နဲ့ Symbiote ပူးပေါင်းပြီး Venom ဖြစ်လာခဲ့တာတွေကို ရှုစားခဲ့ကြရတာဖြစ်ပြီး ခုနောက်ဆက်တွဲ ရုပ်ရှင်ထဲမှာရော ဘယ်လို အပြောင်းအလဲတွေ၊ လှည့်ကွက်တွေ ပါဝင်လာဦးမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Sony Pictures Releasing ကနေ ဖြန့်ချိပေးသွားမယ့် Venom 2 ရုပ်ရှင်ကိုတော့ အစက အခုလာမယ့် အောက်တိုဘာလဆန်းမှာ ရုံတင်ပြသနိုင်ဖို့ ကြေငြာထားခဲ့တာပါ။
ဒါပေမဲ့ ခုကာလကတော့ ကမ္ဘာတလွှား COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် ရုပ်ရှင်ရုံတွေကို ပိတ်ထားရတာတွေအပြင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေကို ရှောင်ကြဉ်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာမို့ ရုံတင်ရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီကားကို လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လမှသာ ရုံတင်ပြသနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်ကားရဲ့ နာမည်ကိုလည်း လတ်တလောမှာတော့ Venom 2 အစား Venom: Let There Be Carnage လို့ အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။
11 months Ago