ရုံတင်ရက်ထပ်ရွှေ့

October 23, 2020

သဘာဝလွန် သွေးပျက်ထိတ်လန့်ဖွယ် ဟောလိဝုဒ်ရုပ်ရှင်-Candyman ရုံတင်ရက်ထပ်ရွှေ့(နမူနာ)

သဘာဝလွန် သွေးပျက်ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းမြင်ကွင်းတွေနဲ့ ဟောလိဝုဒ်ရုပ်ရှင်-Candyman ကို ရုံတင်ပြသမယ့် ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရုံတင်ရက်တွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ ဒီကားကို ခုတခါမှာတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၇ ရက်မှာ ရုံတင်နိုင်ဖို့ ကြေညာထားတာပါ။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures ကနေ တင်ဆက်လိုက်တာဖြစ်ပြီး မနှစ်က ရုံတင်ပြသခဲ့တဲ့ Little Woods ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Nia DaCosta က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Candyman ရုပ်ရှင်ရဲ့နောက် ၄ ကားမြောက် နောက်ဆက်တွဲ ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဟောလိဝုဒ်လူ မည်းသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Yahya Abdul-Mateen II ၊ Teyonah Parris ၊ Nathan Stewart-Jarrett နဲ့ Colman Domingo တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းပဲ မှန်ရှေ့မှာ Candyman ဆိုတဲ့ နာမည်ကို ၅ ကြိမ်ခေါ်လိုက်တာနဲ့ လက်မှာ ချိတ်ကောက်ကြီးနဲ့ Candyman ‌ရောက်လာပြီး လာသတ်မယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ခုအသစ်ထွက်ရှိလာမယ့် ဇာတ်ကားသစ်ထဲမှာ ဘာတွေထပ်ပါဦးမလဲ၊ ဘယ်လိုတွေ ဆန်းသစ်ထားမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု ကြရမှာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted-R အဆင့် သတ်မှတ်ထားပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းတုန်းက ဇွန်လ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရည်မှန်းထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် စက်တင်ဘာ, အောက်တိုဘာလတွေထိ ရွှေ့ဆိုင်းခဲ့ရတဲ့ ဒီကားကို လတ်တလောမှာတော့ အချိန် ၁၀ လ ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက်တာမို့ လာမယ့် ၂၀၂၁ ခုနှစ်မှသာ ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
7 months Ago

October 5, 2020

ဟောလိဝုဒ်စတား ဗင်ဒီဇယ်လ် ပါဝင်သည့် Fast & Furious 9 ရုပ်ရှင် ရုံတင်ရက်ထပ်ရွှေ့ (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား ဗင်ဒီဇယ်လ် ခေါင်းဆောင်ပါဝင်ထားတဲ့ နာမည်ကျော် Fast & Furious 9 ရုပ်ရှင်ကို ရုံတင်ရက် ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီကားကိုတော့ Universal Pictures ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး ၂၀၀၆ ခုနှစ်ထွက် The Fast and the Furious: Tokyo Drift ရုပ်ရှင်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် Fast & Furious 6 ရုပ်ရှင်ကားတွေထိ တာဝန်ယူရိုက်ကူးခဲ့တဲ့ ထိုင်ဝမ်-အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Justin Lin က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ Fast & Furious ရုပ်ရှင်ကားတွေရဲ့ ၉ ကားမြောက်ရုပ်ရှင် ဖြစ်လာမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ထွက် The Fate of the Furious ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ Fast & Furious 9 ရုပ်ရှင်ကားသစ်ထဲမှာတော့ ဟောလိဝုဒ်စတား သရုပ်ဆောင် မင်းသား ဗင်ဒီဇယ်လ်နဲ့အတူ နာမည်ကျေိာ် သရုပ်ဆောင် မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ John Cena ၊ Michelle Rodriguez ၊ Tyrese Gibson ၊ Chris "Ludacris" Bridges ၊ Jordana Brewster ၊ Nathalie Emmanuel ၊ Sung Kang ၊ Helen Mirren နဲ့ Charlize Theron တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ရိုက်ကွင်းတွေကိုတော့ လော့စ်အိန်ဂျလိစ်၊ အီဒင်ဘာ့ဂ်နဲ့ လန်ဒန်တို့အပြင် အရင်က Fast & Furious ရုပ်ရှင်ကားတွေ တခါမှ မရိုက်ကူးဖူးတဲ့ ထိုင်းနိုင်ငံမှာပါ ပထမဆုံး အနေနဲ့ ထူးထူးခြားခြား ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ Fast & Furious 9 ရုပ်ရှင်ကို အစပိုင်းတုန်းကတော့ အမေရိကန်နိုင်ငံမှာ မေလ ၂၂ ရက်နေ့ စတင်ပြီး ရုံတင်ပြသသွားဖို့ ကြေညာထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မတ်လ ၁၂ ရက်နေ့မှာတော့ နောက်ထပ် ၁၀ လ ထပ်မံရွှေ့ဆိုင်းပြီး လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ရတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့ကို ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစတင်ပြီး ၂၀၁၉ ခုနှစ်အထိ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ Fast & Furious ရုပ်ရှင်ကားတွေဟာ Box Office မှာ ရုံတင်ဝင်ငွေစံချိန်တင် ရရှိခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့တာမို့ ခုလာမယ့် ၉ ကားမြောက် ရုပ်ရှင်ကားသစ်ကိုလည်း ပရိသတ်တွေက စိတ်ဝင်စားမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထုတ်လွှင့်ခဲ့တာဖြစ်ကာ လတ်တလောအချိန်ထိ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
7 months Ago
Up