ရုရှားနဲ့ ယူကရိန်းကြား စစ်ရေးတင်းမာနေမှုကို သံတမန်နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့က ယူကရိန်းကို သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘလင်ကင်က “ပဋိပက္ခကို သံတမန်နည်းနဲ့ဖြေရှင်းမှုကသာ အဓိက ဦးစားပေးမှု ဖြစ်ရပါမယ်။ မော်စကိုအနေနဲ့ ကျူးကျော်ရန်လိုမှုအသစ်တွေကို ရွေးချယ်မယ်ဆိုရင် ရှေ့မှာရင်ဆိုင်ရမယ့် အကျိုးဆက်က ကြီမားပါတယ်” လို့ ပြောပါတယ်။
သမ္မတ ဇာလန်စကီးက အမေရိကန်ရဲ့ စစ်ရေးကူညီမှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ အဲဒီအကူအညီဟာ နေတိုးအဖွဲ့ထဲ ယူကရိန်းဝင်ရောက်ရေး မဟာဗျူဟာအတွက် အထောက်အပံ့အများကြီးဖြစ်ကြောင်း ပြောပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားတပ် ထောင်သောင်းချီချထားမှုအပေါ် အမေရိကန်နဲ့ အနောက်အုပ်စုက စိုးရိမ်မှုမြင့်တက်နေချိန်မှာ ဘလင်ကင်က ကီးယက်ဗ်မြို့ကို သွားရောက်ခဲ့တာပါ။
ရုရှားဘက်ကတော့ ယူကရိန်းအား တိုက်ခိုက်မယ့်အစီအစဉ်ကို ငြင်းဆိုထားပြီး အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဖို့ အဓိကတောင်းဆိုထားပါတယ်။
ဇာလန်စကီးနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဂျာမဏီမှာ နေတိုးမဟာမိတ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီနောက် ဂျီနီဗာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေအိ လက်ဗရော့ဗ်နဲ့ ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်။
ရုရှား - ယူကရိန်း အကျပ်အတည်းနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောလိုက်ပါတယ်။
ရုရှားရဲ့ လုပ်ရပ်တွေကို သတိထားလာတာ ကြာပြီဖြစ်ကြောင်းနဲ့ ပူတင်နဲ့ အကြာကြီး ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ဘိုင်ဒန်က ဒေးဗစ်စစ်စခန်းကို သီတင်းပတ်ကုန်ရက်မှာ ခရီးမထွက်ခင် သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မေးရာမှာတော့ ဘယ်သူ့ရဲ့ မျဉ်းနီကိုမှ လက်မခံဘူးလို့ ဘိုင်ဒန်က ပြောပါတယ်။
ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်တပ် အင်အား ၉ သောင်း ၄ ထောင်ကျော် တပ်ချထားတယ်လို့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားဟာ ဇန်နဝါရီ လကုန်ပိုင်းမှာ အကြီးစား စစ်ရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း ယူကရိန်းထောက်လှမ်းရေး အစီရင်ခံစာက အဆိုပြု ထားပါတယ်။