ရုရှားဩဇာ

September 3, 2020

ရုရှားဩဇာလွှမ်းရေး အလွတ်သတင်းထောက်များကို မွေးနေဟု ဖေစ်ဘွတ်ခ် အသိပေး

ရုရှားသြဇာလွှမ်းဖို့ စစ်ဆင်ရေးဟာ လွတ်လပ်တဲ့သတင်းဌာန အသွင်ယူ ဟန်ဆောင်ပြီး အမေရိကန်နဲ့ဗြိတိန်နိုင်ငံတို့က လက်ဝဲယိမ်းမဲရှင်တွေကို ပစ်မှတ်ထားနေပြီး ပြည်တွင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးကြဖို့ အလွတ်သတင်းထောက်တွေကို လူသစ်စုဆောင်းနေတယ်လို့ ဖေ့စ်ဘွတ်ခ် နိုင်ငံတကာကော်ပိုရေးရှင်းကြီးက စက်တင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။  နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ လူမျိုးရေးတင်းမာမှုတွေနဲ့ အမေရိကန်နိုင်ငံရေးကို တစိတ်တပိုင်း အာရုံစိုက်ထားတဲ့ စစ်ဆင်ရေးထဲမှာ ငြိမ်းချမ်းရေး ကိန်း ဂဏန်း အချက်အလက်လို့ ခေါ်တဲ့ အတုအယောင် မီဒီယာအဖွဲ့တခု ပါနေပါတယ်။  ဖေ့စ်ဘွတ်ခ်အကောင့် ၁၃ ခုနဲ့ စာမျက်နှာ ၂ ခုကို အသက်ဝင်အောင် လည်ပတ်နေတဲ့ အင်တာနက်စာမျက်နှာကို မေလက တည်ထောင်ထားပြီး ကိုယ်ရေးအချက်အလက် အတု သုံးစွဲမှုနဲ့ မစစ်မှန်တဲ့ လုပ်ဆောင်ချက်တွေကို ညှိနှိုင်းဆောင်ရွက်မှု ပုံစံတွေကြောင့် ဩဂုတ် ၃၁ ရက်မှာ အကောင့်တွေကို ဆိုင်းငံ့ထားတယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။  အဲဒီအကောင့်တွေဟာ စိန့်ပီတာစဘတ်မြို့ အခြေစိုက် ရုရှားအင်တာနက် သုတေသနဌာန က အရင်တုန်းက လှုပ်ရှားမှုတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့လူတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။ ရုရှားအင်တာနက်သုတေသနကုမ္ပဏီကတော့ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ရလဒ်ပြောင်းအောင် ရုရှားရဲ့အားထုတ်မှုမှာ အခရာကျတဲ့ကုမ္ပဏီလို့ အမေရိကန်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။  ရုရှားအစိုးရကတော့ တခြားနိုင်ငံတွေက ပြည်တွင်းနိုင်ငံရေးကို မစွက်ဖက်ခဲ့ဘူးလို့ ပြောရင်း စွဲချက်တွေကို ငြင်းဆိုထားပါတယ်။  အင်တာနက်စာမျက်နှာကို အင်္ဂလိပ်နဲ့ အာရပ် ၂ဘာသာနဲ့ ထုတ်လွှင့်နေပြီး ကမ္ဘာ့အဓိက ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အမှန်တရားကိုရှာနေတဲ့ အကျိုးအမြတ် မယူတဲ့ သတင်းဌာနအဖြစ် သူ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။  ဒါပေမယ့် အွန်လိုင်းမှာ စာရင်းသွင်းထားတဲ့ အမြဲတမ်းဝန်ထမ်း ၃ယောက်က လူအစစ်တွေ မဟုတ်ဘဲ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ တကယ်မရှိတဲ့ လူတွေရဲ့ ရုပ်ပုံတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ် တွစ်တာနဲ့ စီးပွားရေးကွန်ရက် အင်တာနက်စာမျက်နှာ လင့်ခ်အင်တို့က အကောင့်တုတွေနဲ့ ချိတ်ဆက် ထားပါတယ်။  အဲဒီလူအတုတွေက အလွတ်တန်းသတင်းဌာန အင်တာနက်စာမျက်နှာပေါ်မှာ စာရေးသူတွေ အတွက် ကိုယ်ရေးအချက်အလက် အတုတွေကို ဖော်ပြထားပါတယ်။  ဆောင်းပါးတပုဒ် ဖန်သားပြင်ဓာတ်ပုံ စတာတွေအတွက် အမေရိကန် ဒေါ်လာ ၇၅ ဒေါ်လာ ပေးပါတယ်။  Peace Data ဝက်ဆိုဒ်မှာ အမေရိကန်နဲ့ ဗြိတိန်က အလွတ်တမ်းသတင်းထောက်တွေ အများဆုံးပါတဲ့ပါဝင်သူ ၂၂ ယောက်စာရင်းကို ပိစ်ဒေတာ အင်တာနက်စာမျက်နှာက ဖြန့်ချိခဲ့ ပါတယ်။
1 year Ago
Up