ရုရှားအစိုးရ စီစဉ်

December 6, 2020

ဆေးခန်း ၇၀ တွင် စပွန်းနစ်-၅ ကာကွယ်ဆေးထိုးပေးရန် ရုရှားအစိုးရ စီစဉ်

ရုရှားမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး ပထမဆုံး အကြီးစား ကာကွယ်ဆေးထိုးနှံဖို့ ဗိုင်းရပ်စ်နဲ့ အထိတွေ့ရဆုံး အုပ်စုတွေကို ဆေးခန်း ၇၀ မှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရုရှား အစိုးရဟာ ဒီဇင်ဘာ ၅ ရက်က စပြီး စပွန်းနစ်-၅  ကာကွယ်ဆေးကို ဖြန့်ဖြူးနေပြီလို့ မော်စကိုမြို့ ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့က ပြောပါတယ်။ ရုရှားလုပ် ကာကွယ်ဆေးကို ပထမဆုံးအနေနဲ့ ရာဂါနဲ့ ထိတွေ့မယ့်ဘေး အမြင့်ဆုံးဖြစ်နေတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက် ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေနဲ့ လူမှုရေးလုပ်သားတွေကို ထိုးနှံ ပေးမှာပါ။ “ခင်ဗျားဟာ ပညာရေး အဖွဲ့အစည်းမှာ အလုပ်လုပ်နေတာဖြစ်လို့ ထိပ်တန်းဦးစားပေး အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးဖို့ လုပ်ဆောင်နေပါတယ်” ဆိုတဲ့ ဖုန်းစာတို ကို မူလတန်းပြ မော်စကိုမြို့ခံ တယောက်က စနေနေ့မှာ လက်ခံရရှိခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း လာမယ့်သီတင်းပတ်က စပြီး ပြည်လုံးကျွတ် စေတနာ့ဝန်ထမ်း ကာကွယ်ဆေး အစီအစဉ်ကို စတင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ရုရှားဟာ လာမယ့် ရက်နည်းနည်းအတွင်း ကာကွယ်ဆေး ထိုးဆေး ၂ သန်း ထုတ်လုပ်မယ်လို့လည်း ပူတင်က ပြောပါတယ်။ ရုရှားဟာ ကူးစက်အခံရနိုင်ဆုံး လူ ၁ သိန်းကို ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ ရုရှား ကျန်းမာရေး ဝန်ကြီး မီခေးလ် မူရတ်ရှ်ကိုက ဒီသီတင်းပတ်အစောပိုင်း ကုလသမဂ္ဂမှာ ပြောခဲ့ပါတယ်။  ရုရှားဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ထုတ်လုပ်ခဲ့ပြီး စပွန်းနစ်-၅ ကို ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေရဲ့ ကျောထောက် နောက်ခံနဲ့ တီထွင်ခဲ့တာပါ။ EpiVacCorona လို့ ခေါ်တဲ့ ကာကွယ်ဆေး နောက်တမျိုးကိုတော့ ဆိုက်ဘေးရီးယား အခြေစိုက် ဗက်တာ အင်စတီကျုက တီထွင်တာဖြစ်ပြီး ဆေး ၂ မျိုးစလုံးက နောက်ဆုံးအဆင့် စမ်းသပ်ချက် အပြီးမသတ်သေးပါဘူး။ စပွတ်နစ်-၅ ကာကွယ်ဆေးက ထိရောက်မှု ၉၂ ရာခိုင်နှုန်းရှိပြီး EpiVac Corona ကာကွယ်ဆေးကို လူအများအပြားနဲ့ စမ်းသပ်မှုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပါတယ်။  ဘေးကင်းထိရောက်မှုအတွက် စမ်းသပ်မှုတွေ မပြီးဆုံးခင် ရုရှားက လူတွေ အစုလိုက် အပြုံလိုက် ကာကွယ်ဆေး ထိုးခွင့်ပြုတဲ့အပေါ် သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။  ကူးစက်မှု ဗဟိုချက်လို ဖြစ်နေတဲ့ မော်စကိုမြို့တော်က ကျန်းမာရေး လုပ်သားတွေကတော့ ကာကွယ်ဆေးထိုး ခံယူဖို့ ဒီဇင်ဘာ ၄ ရက်က စပြီး စာရင်းပေးသွင်းနေကြပါတယ်။
4 months Ago
Up