ရုရှားသူလျှို

August 12, 2021

ရုရှားသူလျှိုဟုဆိုကာ ဗြိတိန်သံရုံးဝန်ထမ်း ၁ ဦးကို ဂျာမန်ရဲဖမ်းဆီးစစ်ဆေးနေ

ဂျာမန်ရဲတွေက မြို့တော်ဘာလင်ရှိ ဗြိတိန်သံရုံးမှာ အလုပ်လုပ်နေတဲ့ ဗြိတိန် အမျိုးသား တယောက်ကို ရုရှားအစိုးရအတွက် သူလျှိုထောက်ပေးမှု သံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့  အစိုးရ ရှေ့နေတွေက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

ဒေးဗစ်အဲ့စ်လို့ ဖော်ပြထားတဲ့ ဗြိတိန်အမျိုးသားရဲ့ နေတဲ့နေရာနဲ့ အလုပ်လုပ်တဲ့ နေရာတွေကို ရှာဖွေခဲ့ပြီး သူ့ကို မနေ့ညနေက စုံစမ်းစစ်ဆေးမှု ဆိုင်ရာ တရားသူကြီးက စစ်မေးမြန်းတယ်လို့ ဂျာမန်အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သူဟာ ငွေအတွက် ရုရှားထောက်လှမ်းရေးဌာနကို စာရွက်စာတမ်းတွေ ပေးခဲ့တဲ့ သံသယနဲ့ ဘာလင်မြို့တော် အပြင်ဘက်က ပို့စ်ဒန်မြို့မှာ အင်္ဂါနေ့က အဖမ်းခံခဲ့ရတာပါ။

သူ့အလုပ်ထဲက လှုပ်ရှားမှုတွေအတွင်း ရတဲ့ စာရွက်စာတမ်းတွေကို ရုရှား ထောက်လှမ်းရေးဌာန ကိုယ်စားလှယ်ဆီပေးခဲ့တယ် စွပ်စွဲခံရသူဟာ သူပေးတဲ့ သတင်း အချက်အလက်အတွက် ပမာဏ မသိရတဲ့ ငွေသားတွေကို လက်ခံရရှိခဲ့တယ်လို့ ပြည်ထောင်စု အစိုးရရှေ့နေချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ အဖမ်းမခံရခင်ကအထိ သံရုံးမှာ ဒေသခံ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တာကြောင့် သူ့ကို ဂျာမနီနဲ့ဗြိတိန်အစိုးရ အာဏာပိုင်တွေက ပူးတွဲစစ်မေးမယ်လို့ အစိုးရ ရှေ့နေက ပြောပါတယ်။

နိုင်ငံခြားသံရုံးမှာ အလုပ်လုပ်တယ်ဆိုပေမယ့် ဒေသခံဝန်ထမ်းအဖြစ် လုပ်ကိုင်သူတွေဟာ သံတမန်ရေး ကင်းလွတ်ခွင့်ကို မခံစားရပါဘူး။ 

6 months Ago

September 17, 2020

နာဗယ်ညီအဆိပ်ခတ်ခံရမှု ရုရှားသူလျှိုများပါဝင်ဟု ဗြိတိန် ပြော

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီကို အဆိပ်ခတ်ရာမှာ ရုရှားသူလျှိုတွေ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတာ သေချာသလောက်ရှိတယ်လို့ ဗြိတိန်အစိုးရက စက်တင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။  ဆိုဗီယက်ခေတ်က တီထွင်ခဲ့တဲ့ နိုဗီချော့ခ်လို့ သိကြတဲ့ ဓာတုလက်နက် အာရုံကြောအဆိပ် နဲ့ နာဗယ်ညီကို တိုက်ခိုက်မှုအတွက် ရုရှားအစိုးရက အဖြေပေးရမယ်လို့လည်း ပြောပါတယ်။  “နာဗယ်ညီ နေပြန်ကောင်းလာတာကို ကြိုဆိုတယ်။ ဒါပေမယ့် ဓာတုလက်နက်သုံးတာကို လက်သင့်မခံနိုင်လို့ ရုရှားက အဖြေပေးရမယ်”လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရက်ဘ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုနဲ့အတူရှိချိန်မှာ ပြောပါတယ်။  ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ ထိပ်တန်းအတိုက်အခံ နာဗယ်ညီဟာ သြဂုတ် ၂၀ ရက်မှာ မဲဆွယ်နေရင်း ဆိုးဆိုးရွားရွား နေမကောင်းဖြစ်လို့ ဂျာမနီမြို့တော် ဘာလင်ဆီကို လေကြောင်းနဲ့ ပို့ဆောင်ဆေးကုသခဲ့ရပါတယ်။  နိုင်ငံ ၃ နိုင်ငံက လွတ်လပ်တဲ့ ဓာတ်ခွဲခန်းတွေရဲ့အဖြေအရ နာဗယ်ညီဟာ နိုဗီချော့ခ် အာရုံကြောအဆိပ်သင့်ခဲ့တာလို့ ဂျာမနီက ပြောပါတယ်။  ရုရှားအစိုးရက အဖြေပေးဖို့ အနောက်နိုင်ငံအစိုးရတွေက တောင်းဆိုခဲ့ပေမဲ့ ရုရှားအစိုးရ ကတော့ စွဲချက်တွေကို အခြေအမြစ် မရှိဘူးလို့ တုံ့ပြန် ပြောဆိုပယ်ချခဲ့ပါတယ်။
1 year Ago
Up