ရုရှားသမ္မတ

October 14, 2021

စွမ်းအင်ကို လက်နက်အဖြစ်သုံးနေတယ်ဆိုသည့်အတွေး အဓိပ္ပါယ်မရှိဟု ရုရှားသမ္မတတုံ့ပြန်

ရုရှားက စွမ်းအင်ကို လက်နက်အနေနဲ့ သုံးနေတယ်လို့ဆိုတဲ့ အတွေးအခေါ်ဟာ အဓိပ္ပာယ်မရှိဘူးလို့ သမ္မတ ပူတင်က စွမ်းအင်ညီလာခံမှာ ပြောကြားလိုက်ပြီး ရုရှားဟာ ဥရောပက တောင်းဆိုခဲ့ရင် ဥရောပကို ဓာတ်ငွေ့တွေ ပိုပြီး ပို့ဖို့ အဆင်သင့်ပဲ လို့လည်း ပြောပါတယ်။

ရုရှားအစိုးရဟာ နိုင်ငံရေး အကြောင်းရင်းတွေအတွက် ဓာတ်ငွေ့ ဖြန့်ဖြူးမှုကို အကျပ်အတည်း ဖြစ်အောင် လုပ်တယ်ဆိုတဲ့ အဆိုပြုချက်တွေကို ပယ်ချလိုက်ပါတယ်။

ပူတင်ကတော့ ရုရှားရဲ့ ဓာတ်ငွေ့သိုက်ဟာ အကန့်အသတ် မရှိဘူး လက်ရှိ အခြေအနေမှာတောင် ဥရောပကို ပိုတိုးပြီး ဖြန့်ဖြူးနေတယ်လို့ ပြောပါတယ်။

ဥရောပမှာ ဓာတ်ငွေ့ဈေးနှုန်းဟာ ဒီလထဲမှာ စံချိန်တင် မြင့်တက်ခဲ့ တာပါ။ ဥရောပဟာ ဓာတ်ငွေ့အကျပ်အတည်းကြောင့် အိမ်သုံး ဓာတ်ငွေ့ဖိုးတွေ ပိုကောက်နေရပြီး သံမဏိ ထုတ်လုပ်သူတွေနဲ့ မြေသြဇာစက်ရုံတွေလို လုပ်ငန်းတွေမှာ အထိအခိုက် များနေပါတယ်။

နောက်ထပ် ဓာတ်ငွေ့ရောင်းချရေး ဆွေးနွေးဖို့ အသင့်ပဲလို့ ပူတင်က အကျယ်တဝင့် ရှင်းမပြဘဲ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားအစိုးရ ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်ကတော့ ရုရှားဓာတ်ငွေ့လုပ်ငန်း ဂဲ့ဇ်ပရွန်ဟာ ဥရောပကို လက်ရှိ ကန်ထရိုက်စာချုပ်အောက်မှာ အမြင့်ဆုံး အဆင့်ထိ ဥရောပကို ဓာတ်ငွေ့ တင်ပို့နေပြီး ထပ်တိုး မှာယူချင်ရင် ဒီကုမ္ပဏီနဲ့ ညှိနှိုင်းဖို့ လိုမယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

2 months Ago

ပြည်ပလွှမ်းမိုးမှုမှ ကာကွယ်ရန် နိုင်ငံခြားကိုယ်စားလှယ်ဥပဒေကို အသုံးပြုဟု ရုရှားသမ္မတပြော

နိုင်ငံခြားကိုယ်စားလှယ်များဆိုင်ရာ ဥပဒေဟာ ရုရှားကို ပြည်ပ သြဇာလွှမ်းမိုးမှုကနေ ကာကွယ်ရာ မှာသုံးဖို့ ပြဋ္ဌာန်းထားတာလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားအစိုးရဟာ နိုင်ငံခြားကနေ ရန်ပုံငွေပေးနေတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံခြားကိုယ်စားလှယ် ဒါမှမဟုတ် နိုင်ငံခြားသူလျှိုအဖြစ် တံဆိပ်တပ်လိုက်ပြီး သူတို့ဟာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြောပါတယ်။

ဒီစကားလုံး အသုံးအနှုန်းဟာ ဆိုဗီယက်ခေတ်က အပြုသဘော မဆောင်တဲ့ ဂယက်အနက် အဓိပ္ပါယ်လည်း ရှိနေပြီး ဗျူရိုကရေစီဆိုင်ရာ အပိုစိစစ်မှုတွေအတွက် သတ်မှတ်ထားတဲ့ စကားရပ်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

2 months Ago

October 1, 2021

ရုရှားသမ္မတနှင့်တူရကီသမ္မတတို့ တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က တူရကီ သမ္မတ တေယစ်အာဒိုဂံကို ရုရှားရဲ့ ပင်လယ်နက်ကမ်းခြေ အပန်းဖြေ စခန်းသာမြို့ ဆိုချီမှာ စက်တင်ဘာ ၂၉ ရက်က တွေ့ဆုံပါတယ်။

 ရုရှားက ဆောက်လုပ်နေတဲ့ တာ့ခ်စထရင်းမ် ဓာတ်ငွေ့ပိုက်လိုင်း ကျေးဇူးကြောင့် ဥရောပမှာ ကြုံနေရတဲ့ ဓာတ်ငွေ့အကြပ်အတည်းကနေ တူရကီကို ကာကွယ်ပြီးသားဖြစ်သွားပြီ လို့ ပူတင်က အာဒိုဂံကို ပြောပါတယ်။

 ရုရှားကနေ ပင်လယ်နက်ကိုဖြတ်ပြီး တူရကီနိုင်ငံအထိ ဆက်သွယ်ထားတဲ့ ပိုက်လိုင်း စီမံကိန်းကို ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ပူတင်က အာဒိုဂံကို ပြောပါတယ်။

 ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ကုန်းတွင်းအစိတ်အပိုင်းတွေဟာ ဥရောပတောင်ပိုင်းအထိ ဖြန့်ကျက် သွားနိုင်ပါတယ်။

ဒါဟာ ဥရောပဈေးကွက်တွေအတွက် ဓာတ်ငွေ့တင်ပို့ရာမှာ အိမ်နီးချင်း နဲ့ နိုင်ငံရေး ရန်ဘက် ယူကရိန်းကို ကျော်ဖြတ်ဖို့ ရုရှားအစိုးရရဲ့ အစီအစဉ်တွေထဲက အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါတယ်။

နှစ်စဉ် ဓာတ်ငွေ့ ကုဗမီတာ ၃၁ ဒသမ ၅ ဘီလီယံထိ တင်ပို့နိုင်တဲ့ တာ့ခ်စထရင်းမ် ဓာတ်ငွေ့ပိုက်လိုင်း အစီအစဉ်ကို ရုရှားဟာ ၂၀၂၀ အစောပိုင်းတည်းက လုပ်ငန်းအပ်နှံခဲ့တာပါ။

 ရုရှားဓာတ်ငွေ့ထုတ်လုပ်သူ ဂက်စ်ပရွန်ကတော့ တူရကီကို ပေးပို့တဲ့ ဓာတ်ငွေ့ စုစုပေါင်းဟာ နှစ်စကနဲ့ စာရင် ၁၆၀ ရာခိုင်နှုန်းနီးပါး တိုးလာတယ်လို့ ပြောထားပါတယ်။

2 months Ago
More News
Up