ခရိုင်းမီးယားကျွန်းဆွယ်အနီး ပင်လယ်နက်မှာ ပြုလုပ်တဲ့ ရုရှားရေတပ်စစ်ရေး လေ့ကျင့်ခန်း ကို ဇန်နဝါရီ ၉ က သမ္မတ ဗလီဒီမာပူတင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ကင်ဂျယ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ပါဝင်တယ်လို့ ရုရှားအစိုးရက ပြောကြားပါတယ်။
လေ့ကျင့်ခန်းအတွင်း ရေတပ်သင်္ဘောအများအပြားပါဝင်ပြီး MiG-31K ကြားဖြတ်တိုက် လေယာဉ် နှစ်စင်းကနေ ကင်ဂျယ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ကင်ဂျယ်ဒုံးကျည်ကို ၂၀၁၈ မေလက ရင်ပြင်နီစစ်ရေးပြအခမ်းအနားမှာ ပထမအကြိမ် အများပြည်သူကို ပြသခဲ့ပြီး အဲဒီဒုံးကျည်ဟာ ရုရှားရဲ့ထိပ်တန်းလက်နက်တွေထဲက တစ်ခု ဖြစ်ပါတယ်။
ရုရှားသမ္မတ ပူတင်က ရုရှားရေတပ်အုပ်စုဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးအဓိက အစိတ်အပိုင်းအဖြစ် အစဉ်အမြဲဆက်ရှိနေတယ်လို့ ဆိုပါတယ်။
၂၁ ရာစုမှာ ရေတပ်အင်အားအကြီးမားဆုံးထဲက တစ်ခုဖြစ်တဲ့ ရုရှားအဆင့်အတန်းကို ထိန်းသိမ်းပြီး အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
ပူတင်က ကင်ဂျယ်ဒုံးကျည်တွေဟာ ရန်သူ့ခံစစ်တွေကို ရှောင်ကွင်းနိုင်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီဒုံးကျည်တွေဟာ မိုင်ပေါင်း ၁၂၅၀ အကွာမှာရှိတဲ့ ပစ်မှတ်တွေကို နျူကလီးယား ဒါမှ မဟုတ် သာမန်ထိပ်ဖူးတပ်ပြီး ပစ်ခတ်နိုင်တယ်လို့ ရုရှားမီဒီယာက ထုတ်ဖော်ပြောကြား ထားပါ တယ်။
1 year Ago