ရုရှားနိုင်ငံ

October 22, 2021

ရုရှားနိုင်ငံက မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံလုပ်ငန်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဖက်နိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့  Russian Energy Week International Forum (REW 2021) မှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနဲ့အဖွဲ့က  ROSGEO (Russian State Geological Holding)ကုမ္ပဏီမှ CEO ဆာဂေးအန်ဂေါကော့ဗ် ခေါင်းဆောင်တဲ့အဖွဲ့နဲ့  ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးဆိုင်ရာ ကိစ္စရပ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ပြုလုပ်ခဲ့တဲ့ (၆)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ်မှာ ရုရှားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေနံတူးဖော်ရေးနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းတွေ တည်ဆောက်ရေး စတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားကြောင်း  စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာရှိပါတယ်။

ဒါပေမဲ့ လက်ရှိအနေအထားအရ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားက အမှန်တကယ် လာရောက်ရင်းနှီးမြုပ်နှံပါ့မလားဆိုတာက သံသယဖြစ်စရာပါ။

ဒီအခြေအနေအပေါ် စီးပွားရေးလေ့လာသုံးသပ်သူတဦးက “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်ရင်  ရေရှည်တည်ငြိမ်မှုက အရမ်းအရေးကြီးတယ်။ ဘာလို့လဲဆို အရင်းက ချက်ချင်း ကျေတာမဟုတ်ဘူး။ ဒီစီမံကိန်းအတွက် သူတို့ ပိုက်ဆံတွေ အများကြီးထည့်ရမယ်။ စီမံကိန်းက တည်ဆောက်ပြီးလို့ စတင်လည်ပတ်ပြီဆိုရင် ထွက်လာတဲ့ အဲ့ဒီ့ဓာတ်အားတွေကို ဝယ်မယ့်သူရှိဖို့ လိုတယ်။ပြီးတော့ ဝယ်ဖို့ စာချုပ်ချုပ်တဲ့ နေရာမှာ ပေးထားတဲ့ ကတိအတိုင်းကော တည်နိုင်ပါ့မလား ပေါ့နော်။ ဘာလို့လဲဆို အခုဆိုရင် ဟောင်ကောက်အခြေစိုက် တရုတ်ကလျှပ်စစ်ဓါတ်အားထုတ်ယူတဲ့ ကုမ္ပဏီက ပရောဂျက် နှစ်ခုကို ရပ်လိုက်တယ်လို့ သိရတယ်လေ။ ဘာလို့ရပ်ရလဲဆို သူတို့ မကိုက်တော့လို့လေ။ သူတို့က ဒီပစ္စည်းတွေ သွင်းလာတာ ဒေါ်လာနဲ့ သွင်းလာရတာ။ ဒါပေမဲ့ ပေးတဲ့အခါ မြန်မာ ကျပ်ငွေနဲ့ပဲ ပေးတယ်။ ကျပ်ငွေတန်ဖိုးကလည်း ဘယ်လောက်အထိ ကျမယ်မှန်း မသိဘူး။ အဲ့တော့ စီမံကိန်းတွေအတွက် စွန့်စားရမှုတွေကတော့ များတယ်။ ဒီတော့ ရုရှားဘက်က လုပ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပဲ။ ဘာလို့လဲဆို သူတို့ အဆုံးရှုံး ခံနိုင်ပါ့မလားပေါ့နော်။ လက်ရှိ အခြေအနေမှာတော့ မည့်သည့်နိုင်ငံကမဆို ရင်းနှီးမြုပ်နှံသူတွေ လုပ်ရဲမယ်လို့တော့ မထင်ဘူး” လို့ပြောပါတယ်။

သုတေသီတဦး၏အမြင်ကတော့ “အရှေ့တောင်အာရှမှာလည်း ရုရှားက ထိုးဖောက်ချင်တဲ့သဘောဆန္ဒရှိမယ်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊အိန္ဒိယ ၄ နိုင်ငံ ပါတဲ့ အင်ဒိုပစိဖိတ်ဆိုပြီး လုပ်လာတာရှိတယ်လေ။ အဓိကကတော့ တရုတ်ကိုထိန်းချင်တဲ့ သဘောပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ် ရုရှားကလည်း အရှေ့တောင်အာရှကို စိတ်ဝင်စားမှုရှိလာတယ်။ သူစိတ်ဝင်စားတော့ ချဉ်းကပ်ဖို့အတွက် ကြည့်တဲ့အခါ မြန်မာနိုင်ငံကိုပဲ သူတွေ့တယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆို လိုလိုလားလားနဲ့အတွင်းကျကျ ပေါင်းသင်းချင်တာက အရှေ့တောင်အာရှမှာ မြန်မာတနိုင်ငံတည်း ရှိမယ်လို့ ကျနော်ထင်တယ်။ အဲ့တော့  ရှရုားက သူ့ အတွက်လည်း အကျိုးစီးပွားရှိမယ်။ မြန်မာအတွက်လည်း အားကိုးစရာက ရှရုားပဲ ကျန်တော့တာပေါ့နော်။ ဒါပေမဲ့ အတိတ်သမိုင်းမှာတော့ မြန်မာနဲ့ ရုရှားက နိုင်ငံရေးအရ၊သံတမန်ရေးအရ၊စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုက မရှိ သလောက်ရှားတယ်။ ဒါပေမဲ့  စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကတော့ အားကောင်းခဲ့တယ်” လို့ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ရှရုားနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၉၄ သန်းသာရှိတာကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုရှိတဲ့ နိုင်ငံများစာရင်းမှာ ရှရုားနိုင်ငံက အနည်းဆုံးနိုင်ငံစာရင်းထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။

Photo- MOI

5 days Ago

June 25, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြမ်းဖက်သမားတွေ အခြေချနေထိုင်မှုမရှိစေရေး  အပါအဝင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရုရှားနိုင်ငံမှာ ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန် ၂၄ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ မော်စကိုမြို့ရှိ Metropol ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ကုလားတန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနဲ့ စီမံကိန်းအောင်မြင်စေရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စ ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးဆိုင်ရာတွေမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ချိန်မှာ သင်တန်းဆိုင်ရာ ကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့နဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပတဲ့  Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ဇွန် ၂၂ ရက်ကတည်းက ရုရှားနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-CINCDS
1 year Ago

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမြစ်အတွင်း လှည့်လည်လေ့လာ

ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၂၄ ရက်က မော်စကိုမြစ်အတွင်း မြစ်တွင်းသွားရေယာဉ်နဲ့ လေ့လာကြည့်ရှုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညက Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ် Mr. Ivan Ponyakov ကတည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ တက်ရောက်ပြီး မော်စကိုမြစ်အတွင်း လေ့လာကြည့်ရှုခဲ့တာလို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို) သို့လည်း သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယကို  ဖူးမြော်လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာတွေ၊ မော်စကိုမြို့ အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံအတွင်း သီတဂူ ဆရာတော်ဘုရားကြီးရဲ့ ဦးဆောင်မှုနဲ့ ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ထားကိုးကွယ်ဖို့ ကိစ္စတွေ လျှောက်ထားကြပြီး သာသနိကအဆောက်အဦ သဒ္ဓမ္မဇောတိကဓဇ သိမ်တော် တည်ဆောက်မယ့် နေရာကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးသို့ လည်း သွားရောက်လေ့လာခဲ့တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပတဲ့  Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ဇွန် ၂၂ ရက်ကတည်းက ရုရှားနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။ Photo-CINCDS
1 year Ago
More News
Up