ရုရှားတပ်ဖွဲ့များ

December 11, 2019

ဆီးရီးယားဒေသခံများကို ရုရှားတပ်ဖွဲ့များက လူသားချင်းစာနာမှု ကူညီထောက်ပံ့

ရုရှားတပ်ဖွဲ့တွေဟာ တချိန်က အိုင်အက်စ် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံ ရက်ကာမြို့ကို ဒီဇင်ဘာ ၉ ရက်နေ့က ရောက်ရှိလာပြီး ဒေသခံတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ခဲ့ပါတယ်။ ဒါဟာ ဆီးရီးယားမြောက်ပိုင်းကနေ အမေရိကန်တပ်တွေ ပြန်ရုပ်လိုက်တဲ့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် လစ်ဟာသွားတဲ့ ကွက်လပ်ကို ရုရှားက ပြန်ဖြည့်လိုက်တာပါ။ ရုရှားစစ်သားတွေဟာ ဆီးရီးယားကလေးတွေနဲ့ လက်ဆွဲနှုတ်ဆက်နေပြီး ကုန်တင်ကားတွေနဲ့ တင်လာတဲ့ အကူအညီတွေကို ဝေငှနေတဲ့ ရုပ်သံဖိုင်ကို ရုရှား ရုပ်သံမီဒီယာက ဖော်ပြခဲ့ပါတယ်။  အမေရိကန်တပ်ဖွဲ့တွေနဲ့ မဟာမိတ် ကာဒ့်တပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့နှစ်နှစ်က အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ရက်ကာမြို့ကို ပြန်သိမ်းယူခဲ့တာပါ။ ရက်ကာမြို့ အောင်ပွဲက ဆီးရီးယားမှာ အိုင်အက်စ် နှိမ်နှင်းရေး အမေရိကန်ရဲ့ လှုပ်ရှားမှုအတွက် ကြီးမားတဲ့ အောင်မြင်မှုတခုလည်း ဖြစ်ပါတယ်။ ဆီးရီးယားမြောက်ပိုင်းကနေ တပ်တွေ ပြန်ရုပ်ဖို့ ထရမ့် အမိန့်ထုတ်ပြန်ခဲ့တဲ့ အောက်တိုဘာလကတည်းက ရုရှားဟာ အမေရိကန်တပ်တွေ အခြေစိုက်ခဲ့တဲ့ ဆီးရီးယားနယ်မြေတွေကို တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခဲ့ပါတယ်။ ရုရှားဟာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ အဓိကမဟာမိတ်လည်း ဖြစ်ပါတယ်။ ရက်ကာမြို့ ခရီးစဉ်မှာ ရုရှားစစ်သားတွေဟာ ဒေသခံတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ဖို့နဲ့ စစ်ဘက်ဆရာဝန်တွေက ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးအရာရှိတယောက်က RIA ရုရှားသတင်းဌာနကို ပြောပါတယ်။
3 years Ago
Up