ရုရှားတပ်ဖွဲ့

August 28, 2020

ဘဲလားရုစ်ပြသနာ ရုရှားတပ်ဖွဲ့သုံးရန် မလိုသေးဟု ပူတင်ပြော

ဘဲလားရုစ်သမ္မတ လူကာရှန်ကိုက အရန်ရဲတပ်ဖွဲ့ လျာထားပေးဖို့ သူ့ကို တောင်းဆိုထား ပေမယ့် အခြေအနေ ထိန်းမနိုင်သိမ်းမရ ဖြစ်မှသာ ရဲတပ်ဖွဲ့ကို အသုံးပြုဖို့ သူတို့ သဘောတူထား တယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က သြဂုတ် ၂၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။   ဘဲလားရုစ်နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်လို့ အခုချိန်မှာ ရုရှားတပ်ဖွဲ့တွေ သုံးဖို့ မလို အပ်ဘူးလို့  ရုရှားသမ္မတ ပူတင်က  ပြောခဲ့တာပါ။  သမ္မတ ပူတင်က ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း ဘယ်လာရုစ်နိုင်ငံအတွက် သူတို့ မှာ ဝတ္တရားရှိပြီး ဘဲလားရုစ်သမ္မတ လူကာရှန်ကိုကလည်း လိုအပ်တဲ့အကူအညီ ပေးအပ်မလား ဆိုပြီး  ရုရှားကို မေးထားတယ်လို့  ပြောဆိုပါတယ်။  သမ္မတ ပူတင်က ရုရှားအနေနဲ့ သူရဲ့ ဝတ္တရား အားလုံးကို ဖြည့်ဆည်းပေးမယ်လို့   သမ္မတ လူကာရှန်ကိုကို ပြောဆိုထားတယ်ဆိုပြီး  Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် ညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဘဲလားရုစ်အတိုက်အခံတွေက ပေါင်းစပ်ညှိနှိုင်းရေးကောင်စီကိုဖွဲ့စည်းခဲ့ပေမယ့် လူကာရှန်ကို က အဲဒီကောင်စီဟာ အာဏာကို တရားမဝင် ရယူဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။  ကောင်စီအဖွဲ့ ခေါင်းဆောင် နှစ်ဦးကို ဒီသတင်းပတ်မှာ ထောင်ချ ခဲ့ပေမယ့် ထင်ရှားတဲ့ အတိုက်အခံ တစ်ဦးဖြစ်တဲ့ မာရီယာ- ကပ်နီစကိုဗာကိုတော့ မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။  ကပ်နီစကိုဗာက သူဟာ ဖြစ်စဉ် အသေးစိတ်ကို  ပြန်မပြောဘူးဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတယ်လို့ ပြောဆိုပါတယ်။  ဂျာမနီနိုင်ငံ ဘာလင်မြို့မှာတော့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက လူကာရှန်ကိုကို ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့  ဖိအားပေးတဲ့အနေနဲ့ ဘဲလားရုစ်နိုင်ငံကို ဒဏ်ခတ်မှု တွေလုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ရိုက်တာက တင်ပြထားပါတယ်။
1 year Ago
Up