ရုရှားဆေးတပ်ဖွဲ့

March 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသင့် အီတလီတွင် ရုရှားဆေးတပ်ဖွဲ့ဝင်များ ပိုးသတ်ဆေးဖျန်းပေး

အီတလီကို အကူအညီပေးဖို့ရောက်နေတဲ့ ရုရှားဆေးတပ်ဖွဲ့ဝင်တွေဟာ အီတလီမြောက်ပိုင်းမှာ ဆေးရုံတခုကို ပိုးသတ်ဆေးဖျန်းပေးတာတွေ စတင်လုပ်ဆောင်နေပြီလို့ မတ် ၂၈ ရက်နေ့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  ရုရှားကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း ရုရှားစစ်ဆေးတပ်ဖွဲ့ဝင်တွေဟာ ဆေးရုံတရုံရဲ့ ဧရိယာကို ပိုးသတ်ဆေးတွေဖျန်းပြီး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ရေး လုပ်နေတာပါ။ ရုရှားကာကွယ်ရေးဌာနက ဆေးတပ်ဖွဲ့ဝင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုလျှော့ချရေးနဲ့ တားဆီးရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး ဒီထဲမှာ ဆေးရုံတွေရဲ့ ပတ်ဝန်းကျင်ဧရိယာတွေကို စိတ်ချရအောင် ပိုးသတ်ဆေးဖျန်းပေးတာလည်း ပါဝင်တယ်လို့ ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း လူသေဆုံးမှု အများဆုံးဖြစ်နေတဲ့ အီတလီမှာ ရုရှားဟာ ရောဂါရှာဖွေရေးနဲ့ ဆန်းစစ်ရေး မိုဘိုင်းအဆောက်အအုံတွေ၊ မိုဘိုင်း ဆေးဖျန်းတပ်ဖွဲ့တွေနဲ့ အခြားလိုအပ်တဲ့ လူနာတွေအတွက် ကျန်းမာရေးအထောက်အကူပစ္စည်းတွေ ကူညီ  ထောက်ပံ့ပေးထားပါတယ်။  ရုရှားစစ်တပ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မတ် ၂၂ ကစလို့ သမ္မတပူတင်ရဲ့အမိန့်အရ အီတလီကို ဆေးပစ္စည်းအထောက်အပံ့တွေ စတင်ပေးပို့ခဲ့တာလို့ ရိုက်တာသတင်းက ရေးထားပါတယ်။
2 years Ago
Up