ရုရှားစစ်သင်္ဘော

January 12, 2020

အာရေဗီယန်ပင်လယ်အတွင်း အမေရိကန်ဖျက်သင်္ဘောနှင့် ရုရှားစစ်သင်္ဘော တိုက်လုနီးဖြစ်ခဲ့

ရုရှားစစ်သင်္ဘောတစင်းဟာ မြောက်အာရေဗီယန်ပင်လယ်ထဲမှာရှိတဲ့ အမေရိကန် ဖျက်သင်္ဘောတစင်းနားကို ရန်လိုစွာ ချဉ်းကပ်ခဲ့တာကြောင့် သင်္ဘောနှစ်စင်း ဝင်တိုက်လုနီး ဖြစ်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားသင်္ဘောဘက်က လမ်းကြောင်းပြောင်းသွားတာကြောင့် အမေရိကန် ရေတပ်ရဲ့ USS Farragut သင်္ဘောနဲ့ ဝင်တိုက်မယ့်အရေးကနေ ရှောင်လွဲနိုင်ခဲ့တယ်လို့လည်း ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။ “ဇန်နဝါရီ ၁၀ ရက် သောကြာနေ့မှာ မြောက်အာရေဗီယန်ပင်လယ်အတွင်း ပုံမှန်လုပ်ငန်း ဆောင်ရွက်နေတဲ့ USS Farragut သင်္ဘောနားကို ရုရှားရေတပ်သင်္ဘောတစင်းက ရန်လိုတဲ့ သဘောနဲ့ ချဉ်းကပ်လာခဲ့ပါတယ်” လို့ အရှေ့အလယ်ပိုင်းမှာ ရေတပ်လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အမေရိကန်ရေတပ်ရဲ့ အမှတ် ၅ ရေတပ်သင်္ဘောအုပ်စုက ပြောပါတယ်။  Farragut သင်္ဘောဘက်က အပြည်ပြည်ဆိုင်ရာ ရေကြောင်းအချက်ပြမှုအတိုင်း ဝင်တိုက်နိုင်တဲ့အရေးက ရှောင်လွှဲဖို့ အချက်ပြပစ်ခတ်မှု ၅ ကြိမ်ပြုလုပ်ကာ နိုင်ငံတကာ ရေကြောင်း သတ်မှတ်ချက်တွေနဲ့အညီ လမ်းကြောင်းပြောင်းဖို့ ရုရှားသင်္ဘောကို တောင်းဆိုခဲ့ပါတယ်။ အစပိုင်းမှာ ရုရှားသင်္ဘောဘက်က တောင်းဆိုမှုကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လမ်းကြောင်း ပြောင်းလဲသွားခဲ့ပါတယ်။ ရုရှားဘက်က လမ်းကြောင်း ပြောင်းလဲသွားချိန်အထိ အမေရိကန်စစ်သင်္ဘောဟာ အသင့်အနေအထားမှာ ရှိနေခဲ့ပြီး အမေရိကန်ရေတပ်ဟာ ပရော်ဖက်ရှင်နယ်နည်းကျကျ ပြုမူသွားဖို့ လေ့ကျင့်ပေးခံထားရတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်လို့လည်း ရေတပ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ရေတပ်နှစ်ခုအကြား ၇ လအတွင်း ဒုတိယ အကြိမ်မြောက် ဝင်တိုက်လုနီးပါး အခြေအနေဖြစ်ပြီး ပထမတကြိမ်ဟာ ဖိလစ်ပိုင်ပင်လယ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ Admiral Vinogradov လို့ခေါ်တဲ့ ရုရှား ရေတပ်သင်္ဘောဟာ အမေရိကန် ရေတပ်ရဲ့ USS Chancellorsville သင်္ဘောနဲ့ ပေ ၁၀၀ အကွာကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာတော့ ရုရှားဘက်က အမေရိကန်သင်္ဘောဟာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး သူတို့သင်္ဘောရဲ့ လမ်းကြောင်းအတွင်း ဝင်ရောက်လာခဲ့တာလို့ ရုရှားစစ်တပ်က စွပ်စွဲခဲ့ပါတယ်။
1 year Ago
Up