ရုပ်သံလွှင့်ဌာန

October 22, 2020

နိုင်ဂျီးရီးယားတွင် ရုပ်သံလွှင့်ဌာနတခု မီးရှို့ခံရ

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့က ရုပ်သံလွှင့်ဌာနတခု အောက်တိုဘာ ၂၁ ရက်က တိုက်ခိုက်မီးရှို့ ခံခဲ့ရပါတယ်။ လုံခြုံရေးတပ်တွေက အရပ်သားတွေကို ပစ်ခတ်မှုအပါအဝင် အကြမ်းဖက်မှုတွေဖြစ်အပြီး နောက်နေ့မှာ ရဲတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။ မြို့ထဲမှာ မတည်မငြိမ်ဖြစ်နေချိန်မှာ လူငယ်တွေက Television Continental TVC ရုပ်သံဝင်းကို ဝင်စီးနင်းပြီး အဆောက်အအုံကို မီးရှို့ခဲ့ကြပါတယ်။ ရုပ်သံဌာနရဲ့ မနက်ခင်းအစီအစဉ်ဖြစ်တဲ့ သင့်အမြင် အစီအစဉ်ကို ထုတ်လွှင့်နေချိန်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ TVC ရုပ်သံဟာ ပုဂ္ဂလိကရုပ်သံဌာနဖြစ်ပြီး လာဂို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းက ပိုင်တာလို့ လူအများက ယုံကြည်ကြပါတယ်။ သူဟာ သြဇာကြီးတဲ့ နိုင်ငံရေး ပုံရိပ်လည်းဖြစ်ပြီး လာဂို့စ်ပြည်နယ်အုပ်ချုပ်ရေးမှူး ၃ ဆက်ကို အာဏာရအောင် ကူညီပေးခဲ့သူပါ။ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ တိုးဂိတ်ကိုလည်း သူပိုင်တယ်လို့ လာဂို့စ်မြို့ခံ အများ အပြားက ယုံကြည်ထားပါတယ်။ သူကတော့ ဒါတွေကို ပိုင်တယ်လို့ ဘယ်တုန်းကမှ မပြောပါဘူး။ နိုင်ဂျီးရီးယားရဲ့ အကြီးဆုံးမြို့ လာဂို့စ်နဲ့ တခြား ပြည်နယ်အတော်များများမှာ အောက်တိုဘာ ၂၁ ရက်ကစပြီး နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားပါတယ်။ လာဂို့စ်မြို့တလွှားမှာလည်း မီးလောင်နေပြီး ဒေသခံတွေက သေနတ်သံတွေ ကြားတယ်လို့ ပြောပါတယ်။ စစ်ဆေးရေး စခန်းတွေကိုလည်း တာဝန်ချထားပြီး လက်နက်ကိုင်ရဲတွေက ညမထွက်ရ အမိန့်ကို အာဏာတည်ဖို့ ကြိုးစားနေပါတယ်။ လူငယ်အုပ်စုတွေက အဓိက လမ်းမကြီးတွေကို ပိတ်ဆို့ထားပါတယ်။ 
1 year Ago
Up