ရုပ်သံမိန့်ခွန်း

May 25, 2020

နယူးဇီလန်နိုင်ငံတွင် ပြင်းအား ၅.၈ အဆင့်ရှိ မြေငလျင်လှုပ်

နယူးဇီလန်နိုင်ငံရဲ့ မြို့တော် ဝယ်လင်တန်မှာ မေ ၂၅ ရက် မနက်ပိုင်းက ပြင်းအား ၅.၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်လို့ သိရပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ လေဗင်မြို့ အနောက်မြောက်ဘက် ကီလို ၃၀ အကွာ မြေအောက် အနက် ၃၇ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာပါ။ ငလျင်ဗဟိုချက်ဟာ မြို့တော် ဝယ်လင်တန်နဲ့ နီးပါတယ်။ စက္ကန့် ၃၀ ကျော်ကြာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတော့ မသိရသေးပါဘူး။ ငလျင်လှုပ်ချိန်မှာ လွှတ်တော်အဆောက်အဦကနေ ရုပ်သံမိန့်ခွန်း ပြောနေတဲ့ ဝန်ကြီးချုပ်က “ကျမနောက်က ပစ္စည်းတွေ လှုပ်နေတာကို မြင်ရင် ငလျင် တော်တော်လှုပ်နေတာ ဖြစ်မယ်၊ ပျားအုံကြီးကတော့ ပိုလှုပ်နေတာပေါ့” လို့ အရွှန်းဖောက်ပြီး သူက ပြောပါတယ်။ လွှတ်တော် အဆောက်အဦရဲ့ ပုံစံဟာ ပျားအုံနဲ့ တူလို့ သူက တင်စားပြီး ပြောလိုက်တာပါ။  “ကျမက ဖွဲ့စည်းပုံ ကောင်းကောင်းနဲ့ ဆောက်ထားတဲ့ ခိုင်မာတဲ့ နေရာမှာ ရှိနေပုံ ရပါတယ်” လို့လည်း ဝန်ကြီးချုပ်က ဆက်ပြောခဲ့ပါတယ်။ ဝယ်လင်တန်မြို့တော်က ရထားခရီးစဉ် အားလုံး ဆိုင်းငံ့ထားပြီး အင်ဂျင်နီယာတွေက သက်ရောက်မှုကို စစ်ဆေးနေတယ်လို့ မြို့ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုဌာနက ပြောထားပါတယ်။  
11 months Ago
Up