ရုပ်သံဇာတ်လမ်းတွဲ

June 5, 2020

စက်မှုတက္ကသိုလ်နောက်ခံ “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမည်

       ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုတွေ ရရှိထားကြတဲ့ လူငယ် မျက်နှာသစ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဟိန်းထက်၊ ရှင်မွေလ၊ မေမီကိုကိုတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတဲ့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲကို မကြာခင်မှာ ထုတ်လွှင့်ပြသသွားဖို့ ရှိနေပါတယ်။ ဂျီဟောသူလို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး အမျိုးသမီး စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတပုဒ်မှန်း သိကြပြီး ဖြစ်မှာပါ။ ရှေးခေတ်စက်မှုတက္ကသိုလ်နောက်ခံ ဇာတ်လမ်းတပုဒ်ဖြစ်ပြီး အဲဒီအချိန်က  ကျောင်းသားအဆောင်တွေကို အေ-ဘီ-စီ တပ်ပြီး ခေါ်ခဲ့ကြပြီး သတ္တမမြောက် အဆောင် ဟာ မိန်းကလေးအဆောင်ဖြစ်တာမို့ "ဥတ္တရဆောင်"လို့ နာမည်ပေးထားပေမယ့် နံပါတ်စဉ်အရ "G" ဖြစ်တဲ့အဆောင်မို့ "ဂျီဟော"လို့ အခေါ်များတဲ့ အဆောင်ဖြစ်လာခဲ့ပါတယ်။        စက်မှုတက္ကသိုလ် ထုံးစံအတိုင်း ကျောင်းသူနည်းတဲ့ ကျောင်းတကျောင်းပီပီ "ဂျီ ဟော"ဆောင်နေကျောင်းသူဇာတ်ကောင်တွေဖြစ်တဲ့ မာနကြီးပေမယ့် ဂရုဏာကြီးတတ် သူ ညိုထွေး၊ စိတ်ကူးယဉ်အတွေးလွန်တတ်သူ ခင်ချို၊ မြင်မြင်သမျှ ရယ်စရာလုပ်ပြီး ဘ ရုတ်ကျလေ့ရှိတဲ့ ဝေဝေနဲ့ မော်မော်၊ အစားကြီးပြီး ကြောက်တတ်တဲ့ မိ၊ ဒေါသကြီးတတ် သူ မဝါ (ဆယ့်နှစ်လရာသီ မဒေါကန်ဟု ထောပနာပြုထားသည်)၊ ကလေးဆန်သူ ထွေး ထွေး၊ လူကြီးအဆန်ဆုံးသော မမခင်စတဲ့ ဇာတ်ကောင်တွေနဲ့ပရိသတ်နှစ်ခြိုက်အားပေးခဲ့ ရတဲ့ စာအုပ်ကို ခုတခါမှာတော့ ရုပ်သံဇာတ်လမ်းအနေနဲ့ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။        ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ ထွန်းထက်အာကာဗိုလ်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး အမူအကျင့်မတူညီကြပေမယ့် စည်းလုံးပြီး စနောက်ပျော်ရွှင်တတ်ကြတဲ့ သူငယ် ချင်းအုပ်စု တွေအကြောင်း၊ လူငယ်သဘာဝ တက္ကသိုလ်က အချစ်ဇာတ်လမ်းတွေကို ဟာ သအနှောလေးတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီဇာတ်လမ်းတွဲထဲမှာတော့ ၁၉၈၀ ပြည့်လွန် ကာလ နောက်ခံမြင်ကွင်းတွေနဲ့ ဝတ်စားဆင်ယင်မှုပုံရိပ်တွေကိုပါ ရှုစားကြရမှာပါ။        အရင်ကလည်း မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ “အရိပ်”ကို ရုပ်သံဇာတ် လမ်းတွဲအနေနဲ့ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့ပြီး ပရိသတ်လက်ခံအားပေးမှုတွေ ရရှိ ခဲ့တာမို့ ခုတခါ “ဂျီဟောသူ”ဇာတ်လမ်းကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ MRTV-4 မှာ တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီမှာ ပြသသွားမယ်လို့ ကြော်ငြာထားပါတယ်။
11 months Ago

December 18, 2019

သင်ဇာဝင့်ကျော်၊ Project K နှင့် ဝါရွှေနွယ်သွေးဝင်းတို့ ပါဝင်သည့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်မည်

မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ၊ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ဝါရွှေနွယ်သွေးဝင်းတို့ ပါဝင်ကြမယ့် ရုပ်သံဇာတ်လမ်းတွဲတခုကို ရိုက်ကူးသွားဖို့ ရှိနေပါတယ်။ “Before & After (ပြောင်းလဲခြင်း နောက်ကွယ်)”လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကိုတော့ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမှာဖြစ်ပြီး မူပိုင်နှင်းဆီရဲ့ ဇာတ်လမ်း ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးမှာ ဖြစ်ပါတယ်။ ရသစုံ ဒရာမာကားတကားအနေနဲ့ ရိုက်ကူးမယ့် ဒီကားထဲမှာတော့ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရဲအောင်၊ အောင်လေး၊ ထူးမြတ်၊ ဇွဲလရောင်၊ သံသာမိုးထက်တို့နဲ့ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ကန်တော့ပွဲပေးပွဲ အခမ်းအနားကိုတော့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လူငယ် ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ မနှစ်ကတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ ခုဇာတ်လမ်းတွဲကတော့ သူတို့အဖွဲ့အနေနဲ့ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ပထမဆုံး တွဲဖက်သရုပ်ဆောင်မှု ဖြစ်လာမှာဖြစ်ပြီး ဒီကားထဲမှာ ပါဝင်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီး ဝါဝါဝင်းရွှေရဲ့ မြေးဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းကလည်း လတ်တလော ပရိသတ်အားပေးမှု ရရှိသူတဦး ဖြစ်တာမို့ ဒီဇာတ်လမ်းတွဲကို စိတ်ဝင်စားနေကြတာပါ။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ အပိုင်းပေါင်း ၂၀ ပါဝင်မှာဖြစ်ပြီး Fortune TV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Photo : Wa Wa Win Shwe
1 year Ago
Up