ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ ကစပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားရာမှာ လာမယ့်ရက်ပိုင်းအတွင်း အမိန့် ပြန်ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။
ထိုင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်နှုန်း လျော့ပါးလာပြီဖြစ်တဲ့အတွက် လာမယ့် ဇွန်လ ၁၅ ရက်နေ့ကစပြီး ညမထွက်ရအမိန့်ကို ရုပ်သိမ်းတော့မယ့်အကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုအဖွဲ့ ( CCSA ) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီးဆင် ဝိဆနုယိုးထင်းက ဇွန်လ ၁၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အရေးပေါ်အခြေအနေနဲ့ ခရီးသွားလာခြင်း ကန့်သတ်ချက်တွေ ရုပ်သိမ်းတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် လူဦးရေ ၁၂၀ ထက်မပိုတဲ့ နိုင်ငံတကာဆိုင်ရာ စာသင်ကျောင်းတွေ၊ ကျူရှင်တွေ ဖွင့်လှစ်နိုင်ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွါခွါတော့နေထိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူစုလူဝေးလုပ်တာနဲ့ ပတ်သက်ပြီး အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ပညာ ပေးပြပွဲ စတာတွေကိုလည်း လုပ်ဆောင်နိုင်ကြောင်း ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး ပတ်လည် ၄ မီတာ အကွာမှာ နေထိုင်ဆွေးနွေးရမှာဖြစ်ပြီး ဧည့်ခံကျွေးမွေးရာမှာ ၁ မီတာ အကွာမှာ စားသောက်ရမယ်လို့ ဆိုပါတယ်။
စားသောက်ဆိုင်၊ ဟိုတယ်တွေထဲမှာ အဖျော်ယမကာသုံးဆောင်ခြင်းကို ခွင့်ပြုပေမယ့် အရက်ဆိုင်၊ ဘားဆိုင်၊ ကာရာအိုကေဆိုင်၊ ဖျော်ဖြေရေးဆိုင်တွေကိုတော့ ဖွင့်လှစ်ခွင့်မပြုသေးပါဘူး။
ကလေးထိန်းကျောင်းနဲ့ မူကြိုကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီး ကလေးတွေကို မနက်ပို့ ညကြိုလုပ်ရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဌာနထုတ်ပြန်ချက်နဲ့အညီ နေထိုင်ရမှာဖြစ်ပြီး ကလေးတွေကို သင့်လျော်စွာစောင့်ရှောက်ဖို့ ဆရာတွေကိုအရင်ပို့ချရမှာဖြစ်ကြောင်း၊ နေ့ခင်း ကလေးတွေကို သိပ်ရာမှာ ခုတင်တစ်လုံးစီ သီးခြားခွဲသိပ်ဖို့နဲ့ တစ်ဦးနဲ့ တစ်ဦး ၁ မီတာ အကွာမှာ သိပ်ကြဖို့ CCSA အဖွဲ့က ပြောပါတယ်။
သိပ္ပံလေ့လာရေးဌာန၊ ရုပ်ရှင်ရှုတင်ရိုက်ကူးရေးတွေ စတင်နိုင်ပြီး ရိုက်ကွင်းထဲမှာ လူဦးရေ ၁၅၀ ထက်မပို၊ လာရောက်ကြည့်ရှုသူ အယောက် ၅၀ ထက်မပိုရဘူးလို့ ဆိုပါတယ်။
ကျန်းမာရေးအတွက် လူစုလူဝေးအားကစားလုပ်ဆောင်ရာမှာ လူ ၅၀ ထက် မပိုဘဲ တစ်ဦးနဲ့ တစ်ဦး ပတ်လည် ၄ မီတာအကွာနေပြီး ကိုယ်လက်လှုပ်ရှားကစားရမယ်လို့ CCSA အဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်လူနာသစ် နောက်ထပ် ၄ ဦးတွေ့ရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၃၁၂၉ ဦးရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲက သက်သာပျောက်ကင်းသူ ၂၉၈၇ ဦးရှိပြီး သေဆုံးသူ ၅၈ ဦး ရှိပါတယ်။
လက်ရှိဆေးရုံမှာ ကုသမှုခံယူနေသူ ၈၄ ဦး ရှိပြီး ထပ်တွေ့တဲ့ လူနာသစ် ၄ ဦးဟာ အိန္ဒိယနိုင်ငံက ပြန်လာပြီး အစိုးရသတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာမှာ နေထိုင်သူတွေဖြစ်ပါတယ်။
9 months Ago