ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
"သတင်းကမှန်ပါတယ်။ ဒီနေ့ပဲ အထူးတရားရုံးကနေ ထောင်ဒဏ် ငါးနှစ်ချလိုက်တာပါ"လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ Sexy မော်ဒယ် နန်းမွေစံတို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူ ဖြန့်ဝေခဲ့မှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး သြဂုတ် ၅ ရက်နေ့က အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူခဲ့ကာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မင်းသမီး သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရုပ်သံရိုက်ကူးပြီး အပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရဖူးပါတယ်။
အီလက်ထရောနစ်အက်ဥပဒေပုဒ်မ ၃၃ နဲ့ တရားစွဲဆိုခံ ထားရတဲ့ မော်ဒယ်လ်နန်းမွေးစံကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ပါတယ်။
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ယောက်ဟာ အာဏာသိမ်းစစ်ကောင်စီဘက်က မရပ်တည်ဘဲ ပြည်သူဘက်က ရပ်တည်ခဲ့လို့ အခုလို အကွက်ချ ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ အနုပညာရှင်တယောက်က ဒီဗွီဘီကို ပြောဆိုထားဖူးပါတယ်။
ရုပ်ရှင်သရုပ်ဆောင် မင်းသား ဟိန်းထက်ရဲ့ အဘိုးဖြစ်သူကို ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်လောက်က နေအိမ်မှာ လူတစုက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပေါင်းကူးဉာဏရပ်ကွက် ဂန္ဓမာလမ်းမှာရှိတဲ့ သရုပ်ဆောင် ဟိန်းထက်ရဲ့ နေအိမ်ကို လူတစုက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဘိုးဖြစ်သူ သေနတ်ကျည်ထိမှန် သေဆုံးသွားတယ်လို့ သရုပ်ဆောင် ဟိန်းထက်က ဖေ့ဘွတ် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
"ကျနော့်အိမ်ကို လူတစု သေနတ်နဲ့ လာပစ်သွားတယ်။ အဘိုး သေနတ်မှန်ပြီး ဆုံးသွားပြီ" လို့ ရေးသားထားပါတယ်။
ရန်ကုန်သွေးသောက်အဖွဲ့ကတော့ မော်ဒယ်သရုပ်ဆောင် မင်းသား ဟိန်းထက်ရဲ့ အဘိုးဖြစ်သူကို ပစ်သတ်ခဲ့တယ်လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
သရုပ်ဆောင် ဟိန်းထက်ကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့တုန်းက သူ့ရဲ့မိဘတွေက အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။
သရုပ်ဆောင် ဟိန်းထက်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားပြီး လက်ရှိအချိန်မှာ လွတ်မြောက်နယ်မြေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး ဖြစ်တယ်လို့ သိရပါတယ်။