ရုပ်ရှင်ရုံ ၂၀၀ ကျော်

March 27, 2020

ရှန်ဟိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့ရသည့် ရုပ်ရှင်ရုံ ၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်မည်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ရှန်ဟိုင်းမြို့မှာ ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံပေါင်း ၂၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်မယ့် အစီအစဉ်နဲ့ ၂ လနီးပါး ပိတ်ထားခဲ့ရတဲ့ ရှန်ဟိုင်းမြို့က ရုပ်ရှင်ရုံပေါင်း ၂၀၅ ခုကို ပထမဆုံးအဖြစ် ပြန်လည်ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ရုံတွေကိုတော့ လာမယ့် စနေနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ကာ ကျန်တဲ့ ဒေသတွေမှာလည်း “အခြေအနေအရ အစဉ်အတိုင်း”ပြန်လည်ဖွင့်လှစ်သွားမလို့ ရှန်ဟိုင်းမြို့ မြူနီစီပယ်အစိုးရတာဝန်ရှိသူတဦးဖြစ်တဲ့ ယင်ဇင်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောလိုက်တာပါ။ ရှန်ဟိုင်းမြို့မှာတော့ လတ်တလောအချိန်ထိ ရုပ်ရှင်ရုံပေါင်း ၃၈၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ပြန်လည်ဖွင့်လှစ်ပြသမယ့် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်လာရောက်ကြည့်ရှုသူတွေကို မိုဘိုင်းလက်မှတ်အပလီကေးရှင်းတခု ဖြစ်တဲ့ Taopiaopiao က ဝယ်မယ်ဆိုရင် လက်မှတ် တစောင်ကို ၁၀ ယွမ်စီ ဈေးလျှော့ပေးသွားမှာဖြစ်ပြီး နေ့စဉ် ပထမဆုံးရောင်းချမယ့် လက်မှတ်အစောင် ၂ သောင်းထိ လျှော့ဈေးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ရုပ်ရှင်ကြည့်မယ့်သူတွေအနေနဲ့ ကိုယ်အပူချိန်တိုင်းတာတွေ၊ ကျန်းမာရေး စစ်ဆေးမှုတွေနဲ့အတူ ကာကွယ်ရေးနှာခေါင်းစည်း(Mask)တွေ တပ်ဆင်ပြီးမှ ရုံထဲကို ဝင်ခွင့်ပြုမှာ ဖြစ်ကာ ညွှန်ကြားချက်အရ တဉီးနဲ့တဦး အကွာအဝေးတခုစီနဲ့ ခုံတွေမှာ ထိုင်ရမှာ ဖြစ်ပါတယ်။ ခုလိုရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်မှုနဲ့အတူ ရှန်ဟိုင်းမြို့က တခြားသော ပြတိုက်နဲ့ အနုပညာဂယ်လာရီ ၁၁၀၊ စာကြည့်တိုက် ၄၀ နဲ့ ဟိုတယ်ပေါင်း ၄၂၀၀ ကိုလည်း ပြန်လည်ပြီးတော့ ဖွင့်လှစ်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။
2 years Ago
Up