ရုပ်ရှင်မင်းသား ရွှေဘ

December 3, 2020

ရုပ်ရှင်မင်းသား ရွှေဘကို မမေ့နိုင်ကြသေးပါ

“မမေ့နိုင်သော ရုပ်ရှင်မင်းသားရွေဘ”  ကျော်ရွှေအဘ၊ လူစားရသည် ရွှေဘမည်ကျော်၊ ပြည်တော်ချစ်မင်းသား  လက်ပြသွားခဲ့၊ သုံးဆယ့်နှစ်နှစ်  ကြာခဲ့မင့်လည်း၊ သတိရဆဲပါပဲလေ။ ။ မောင်တူး ၁၉၄၈ ခုနှစ်ကစ နှစ်ပေါင်း ၄၀  ရုပ်ရှင်သမိုင်းမှာ ဆက်တိုက် နာမည်ကြီးခဲ့တဲ့ ပရိသတ်ချစ်တဲ့ မင်းသားကတော့ ရွေဘ ပါပဲ။ အထိုး အသတ် အပုတ် ဖိုက်တင် ကောင်းသလို၊ သက်စွန့်ဆံဖျား စတန့်ခန်းတွေမှာ လည်း ကိုယ်တိုင်စွန့်စား သရုပ်ဆောင်တဲ့ ရွေဘ ပါ။ ဖိနှိပ်သူတွေကို ခုခံပြီး အမှန်တရား နင်းပြား ပြည်သူတွေ ဖက်က ရပ်တဲ့ သူ့ရဲ့ ဇာတ်ရုပ်ကြောင့်လည်း လူထု အသဲစွဲမင်းသား ဖြစ်ခဲ့သူ ရွှေဘ ပါ။ မင်းသားအဖြစ်ရော၊ ဒါရိုက်တာ အဖြစ်နဲ့ပါ ကားတွေ ရိုက်ခဲ့သူ ရွေဘ၊ သမ္မတရုပ်ရှင်နဲ့ သမ္မတလူကြမ်းအဖွဲ့ကို ထူထောင်ခဲ့သူ ရွှေဘ ဖြစ်ပါတယ်။ မင်းသားရွှေဘဟာ သရုပ်ဆောင် ဒါရိုက်တာ ရုပ်ရှင်ရိုက်တာအပြင်၊ ဇာတ်သဘင် ကပြတာ၊ ပြဇာတ် သရုပ်ဆောင်တာနဲ့ ဗွီဒီယိုတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး သူ့  အသက် ၆၀ အရွယ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ နှလုံးရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အခုဆို မင်းသားရွေဘ ကွယ်လွန်ခဲ့တာ ၃၂ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ သူဟာ နာမည် ကြီးနေဆဲ၊ သူ့အမည်နဲ့ ထမင်းဆိုင်ဖွင့်ပြီး ရောင်း ကောင်း နေဆဲ၊ ဖိနှိပ်ခံရသူတွေဖက်က ရပ်တည်သူတွေကို ရွေဘကြီးနဲ့ ခိုင်းနှိုင်း နေဆဲပါ။ “များမကြာမီ ရွှေဘကအနိုင်ရပြီး ငြိမ်းချမ်းရေးကြီးရပါလိမ့်မယ်” များမကြာမီ ရွှေဘ က အနိုင်ရပြီး ငြိမ်းချမ်းရေးကြီး ရပါလိမ့်မယ် စကားများများ မပြောတဲ့အဖေ စကားနည်းတဲ့သူလို့ ပြောလို့ရပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် ပြောတဲ့စကား နားစွင့်ထားတဲ့ အဖေကြားသွားလေရဲ့ မပြုံးတတ်တဲ့ အဖေ ဝါးလုံးကွဲအောင်ရယ်(ရီ)တော့တယ် ကျွန်တော့်မှာဖြင့် ငေးငေးငေါင်ငေါင် ယောင်လို့ ပျော်ရွှင်။ ။      မောင်စိမ်းနီ  ပဲ့တင်သံဂျာနယ် ၂၀၁၄ အောက်တိုဘာ “ရွှေဘ မင်းသားဘဝ အစနဲ့ အဆုံး” ရုပ်ရှင်မင်းသားရွေဘဟာ ၁၉၄၈ ခု မတ်လ ၁၃ ရက်က ရုံတင်ခဲ့တဲ့ ပဲရော့ရုပ်ရှင် ဒါရိုက်တာ ဆရာခန့် ရိုက်တဲ့ “လက်နက်ပုန်း” ဇာတ်ကားမှာ ဇတ်ရံအနေနဲ့ စသရုပ်ဆောင်တယ်။ ၁၉၄၈ ခု မေ ၂၅ မှာ ရုံတင်တဲ့ ဒါရိုက်တာ ပဲရော့ဖေကြိုင်ရဲ့ “သတ္တိဗျတ္တိ” ဇာတ်ကားမှာ ရွှေဘ ခေါင်းဆောင်မင်းသား ဖြစ်လာတယ်။ ဒီတကားတည်းနဲ့ ရွှေဘနာမည် ဟိုးဟိုး ကျော်သွားတယ်။ ဒီကားက စပြီး ကားပေါင်း ၂၀၀ ကျော် ဆက်တိုက် သရုပ်ဆောင်ရပါတော့တယ်။ နောက် ၃၇ နှစ်အကြာ ရွှေဘ နောက်ဆုံး သရုပ်ဆောင် တဲ့ ကားကတော့ ၁၉၈၅ ခုနှစ် ဇွန် ၂၈ ရုံတင်တဲ့ ဇေယျာရွှေပြည်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ ခင်မောင်ဦး စိုးသိမ်းထွဋ်တို့ ရိုက်ကူးတဲ့ “မချစ်လည်းပြုံး ချစ်လည်းပြုံး” ဇာတ်ကားပါ။ ရွှေဘကို အသက် ၄၀ အထက်လူတွေကတော့ အသည်းစွဲပါ။ သူ့ရုပ်ရှင်တွေဟာ ပထမပိုင်းမှာ ဖိနှိပ်သူဖက်က ရွှေဘကို နှိပ်စက်လေ့ရှိပြီး နောက်ဆုံးမှာ ရွေဘက ပြန်လည် တွန်းလှန် ထိုးသတ်အနိုင်ယူပါတယ်။ ရွေဘကားဟာ မြို့တွေမှာ ရုံပြည့်သလို တောပရိတ်သတ်တွေရဲ့ အသည်းစွဲလည်း ဖြစ်ပါ တယ်။ တခါက ရွာတရွာမှာ ရွေဘကားပြနေချိန် ရွေဘ ခံနေရတဲ့အပိုင်း ရောက်တဲ့အခါ ရွှေဘကို နှိပ်စက်နေတဲ့ လူကြမ်းကို ခဲနဲ့ဝိုင်း ပေါက်ကြပါတယ်။ ရုပ်ရှင်ပိတ်ကားကြီးကို ပေါက်တာပေါ့။ ဒါကြောင့် ရုပ်ရှင်ပြသူတွေက အသံချဲ့စက်နဲ့ အော်ပေးရပါ တယ်။ ရွေဘကြီး အခု ခံနေရပေမဲ့ မကြာခင် ရွှေဘ ပြန်ချမဲ့ အခန်း ရောက်ပါတော့မယ်။ ခဲတွေနဲ့ မပေါက်ကြပါနဲ့ တဲ့။ ရွှေဘ က ပြန်ပြီး ထိုးသတ် အနိုင်ယူတဲ့ အခန်းကျတော့လည်း ကြည့်သူတွေက လက်ခုပ် လက်ဝါးတီးပြီး အားပေးကြပါတယ်။ အဲ့သည်လောက် ရွှေဘ အောင်မြင်ခဲ့တာပါ။   ရွှေဘ ခံနေရတုန်းတော့ တရုံလုံးဟာ၊ အသာတိတ်ဆိတ် မျက်ရည် ကျိတ်လည်၊ ရင်မောတယ်….တဲ့။ ရွှေဘ ပြန်ထလာမှ၊ ရွှေဘဟေ့ ရွှေဘ ဒါမှ တို့လူ၊ ဂုဏ်ယူမဆုံး အုံးအုံးကျွက်ကျွက်၊ လက်ခုပ်ဖြောင်းဖြောင်း မညောင်းတမ်း တီးတယ်။ ပရိသတ်နဲ့ ရွှေဘ၊ ရွှေဘနဲ့ ပရိသတ် ပေါင်းစပ်ကြည့်တော့၊ နတ်ဖက်တဲ့အတွဲ လိုက်လည်းလိုက်ပါ့၊ မြန်မာ့ရုပ်ရှင်သမိုင်းဝယ်……။ (ကိုပေါ ရဲ့ကဗျာ) “ရွှေဘ ပုသိမ်သား ကရင်ကပြား” သူ့ကို ၁၉၂၈ ခုနှစ် မတ်လ ၃၀ ရက်မှာ ပုသိမ်မြို့ ၊ မြို့ပတ်လမ်းမှာ ပန်းချီဆရာကြီး ဦးအောင်မြတ်နဲ့ ဒေါ်ကွမ်း တို့က ဖွားမြင်ခဲ့ တယ်။ ကရင် မြန်မာ ကပြားဖြစ်တယ်။ မွေးချင်း လေးဦးအနက် အငယ်ဆုံး။ နာမည်ရင်း အေးကြည်ဖြစ်ပြီး အလယ်တန်း အထိပဲ ပညာ သင်ယူခဲ့ဖူးတယ်။ ရေကူး၊ လက်ဝှေ့ထိုး၊ ဒိုင်ဗင်ထိုး၊ မြင်းစီး စတဲ့ အကြမ်းအရမ်း ကစားနည်းတွေကို နှစ်သက်သူ ပါ။  ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါပြီး ၁၇ နှစ်သားမှာ ရန်ကုန်ကို တစ်ယောက်တည်း ရောက်လာခဲ့တယ်။ ရေကျော်၊ လမ်း ၅၀ ရှိ ဦးလေးအိမ်မှာနေပြီး သံဖြူ အလုပ်လုပ်ခဲ့ရတယ်။ တစ်ဖက်ကလည်း လက်ဝှေ့ကျော် ကျားဘငြိမ်း ဆီမှာ လက်ဝှေ့သင် တယ်။ တဖက်ကလည်း ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဘို့ အဆက်အသွယ်တွေ ရှာဖွေနေတယ်။ “မင်းသားဖြစ်လာပုံ” ၁၉၄၄ ခုနှစ် ပဲရော့ရုပ်ရှင် ကုမ္ပဏီက ဒါရိုက်တာဖေကြိုင်ဟာ “သတ္တိ ဗျတ္တိ” ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ စီစဉ်တယ်။ ခေါင်းဆောင် မင်းသားကျော်ရွှေ (ကျော်ဆွေ) က ဆိုင်ကယ်စီးရမယ်။ အင်းစိန် စော်ဘွားကြီးကုန်း တောင်ပေါ်က ခုန်ချရမဲ့ အခန်းပါတယ်။ ဒါရိုက်တာက ဒီအခန်းကို လူစားမထိုးဘဲ မင်းသားကျော်ရွှေ ကိုယ်တိုင် သရုပ်ဆောင်ရမယ် ပြောတယ်။ ဒါပေမဲ့ ကျော်ရွှေက လူစားထိုးပြီး ရိုက်ချင်တယ်။ ဒါရိုက်တာနဲ့ မင်းသား စကားများပြီး ရိုက်ကူးရေး ပျက်သွားတယ်။ ဒါကြောင့် ဒါရိုက်တာက မင်းသား ကျော်ရွှေကို "မင်းမရှိရင်လည်း မင်းရဲ့အဘ လာလိမ့်မယ်" ဆိုပြီး ပြောခဲ့တယ်။ မင်းသားသစ် အပူတပြင်း ရှာဖွေပြီး ရေကျော် လမ်း ၅၀ မှာ သံဖြူလုပ်နေတဲ့ အေးကြည်ကို တွေ့တယ်။ အေးကြည်ဟာ  ဒါရိုက်တာဆရာခန့်ရဲ့ “လက်နက်ပုန်း” အသံတိတ်ဇာတ်ကားမှာ ဇာတ်ရံ သရုပ်ဆောင်ခဲ့ဖူးတာမို့ ဒါရိုက်တာ ပဲရော့ ဖေကြိုင်က ကျော်ရွှေမရှိလဲ ကျော်ရွှေ့ အဘ လာလိမ့်မယ် စကားအတိုင်း မင်းသားရွှေဘ ဖြစ်လာတယ်။ “ရွှေဘ ပါဝင်ခဲ့သော ဇာတ်ကားများ”  ကားပေါင်း ၂၅၀ ခန့်ရှိတယ်။ အခုကတော့ ပထမဆုံး ရိုက်ခဲ့တဲ့ ၅ ကားနဲ့ နောက်ဆုံး ၅ ကားသာ ဖော်ပြမယ်။ ပထမဆုံး ၅ ကား  သတ္တိ ဗျတ္တိ                       ဒါရိုက်တာပဲရော့ဖေကြိုင်  မင်းသမီးမေသန်းကြည် ဒီလုံးဇာတ်ကား                 ဒါရိုက်တာပဲရော့ဖေကြိုင်  မင်းသမီးမေသန်းကြည် ဟေမာမြိုင်ဇာတ်ကား        ဒါရိုက်တာဦးဘဇင်           မင်းသမီးမြင့်မြင့်ခင် စောရန်အောင်                  ဒါရိုက်တာစိန်မြင့်             မင်းသမီး မော်လီ နယ်ခြားမိုက်ခဲ                  ဒါရိုက်တာစိုးမြင့်              မင်းသမီးမေသန်းကြည် နောက်ဆုံး ၅ ကား တို့လူလေးများဆိုသလေး    ဒါရိုက်တာအောင်မြင့်ဦး    မင်းသမီးစံရှားတင် အောင်လံတလွှင့်လွှင့်          ဒါရိုက်တာတင်ညွန့်          မင်းသမီးစမ်းစမ်းဝင်း သွေးမှသတ္တိရှိသောကြောင့်   ဒါရိုက်တာမောင်မိုးမြငိ့     မင်းသမီးမမိုးဝါ ငါးမန်းစွယ်နှင့်ကျွန်းသန္တာ     ဒါရိုက်တာမြတ်သိန်းထွဋ်  မင်းသမီးသင်းသင်းလဲ့ မချစ်လည်းပြုံးချစ်လည်းပြုံး  မောင်မောင်မိုးမင်း          မင်းသမီး ခင်မာလာ မြန်မာ့ ရုပ်ရှင်လုပ်ငန်းတွေမှာ မှတ်တမ်းစံနစ် သိမ်းဆည်းစံနစ် အားနည်းတာမို့ ရွေဘကားပေါင်း ၂၃၂ ကားကိုပဲ မှတ်တမ်း တွေ့တယ်။ စာရှည်မှာစိုးလို ၁၀ ကားပဲ ဖော်ပြလိုက်တယ်။ ရွှေဘဇာတ်ကားပေါင်း ၂၅၀ ဝန်းကျင် ရှိနိုင်ပါတယ်။ မြန်မာ့ သမိုင်းမှာ ဇာတ်ကားအများဆုံးရိုက်ခဲ့ရပြီး မင်းသားရွှေဘဟာ နှစ် ၄၀ လောက် မင်းသားအနေနဲ့ ရပ်တည် နိုင်ခဲ့သူပါ။   “အကယ်ဒမီမရသူ သမ္မတရုပ်ရှင် တည်ထောင်သူ” ရွှေဘဟာ နှစ်ကြာရှည် ပရိသတ်အသည်းစွဲမင်းသားပေမဲ့ အကယ်ဒမီ မရခဲ့ပါ။ သူ့ရဲ့ ရှင်းရှင်း ဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်ပြီး ဆက်ဆံရေးမှာတော့ ညံ့ခဲ့ပုံရပါတယ်။ အထက်ဖား အောက်ဖိ မလုတ်တတ်တဲ့ သူ့ရဲ့ ဆက်ဆံရေးကြောင့် သူ့ ခေတ် ရုပ်ရှင်အစည်းအရုံးနဲ့လည်း ဆက်ဆံရေး ကောင်းခဲ့ပုံ မရပါ။ ဒါတွေကြောင့် တိုင်းကျော်ပြည်ကျော်မင်းသား ရွှေဘဟာ အကယ်ဒမီ မရခဲ့ပုံပါပဲ။  ရွှေဘဟာ ၁၉၆၃ ခုမှာ " သမတ" ရုပ်ရှင်ထုတ်လုပ်ရေး ထောင်တယ်။ " တောကဖိုးတုတ်" " ဂွစာ" ၊ "သတ္တိခဲ" " ဒို့နှစ်ယောက်" စတဲ့ ဇတ်ကားတွေက သမတ ရုပ်ရှင်က ရိုက်ကူးခဲ့တာပါ။ သမ္မတလူကြမ်းအဖွဲ့ကိုလည်း ရွှေဘက စုစည်းခဲ့တာပါ။ လူကြမ်းတွေဟာ သရုပ်ဆောင်ခနည်းပြီး နွမ်းပါးကြသူတွေက များပါတယ်။ ရွှေဘခေတ်မှာ ဒီလူကြမ်းတွေကို စားဝတ်နေရေး၊ သာရေး နာရေးတွေကို တဦးတည်း ဒိုင်ခံပြီး ကရုတစိုက် တဦးတည်း ထောက်ပံ့ပေးခဲ့သူဟာ ရွှေဘပဲ ဖြစ်ပါ တယ်။  သူဟာ မင်းသမီး သင်းသင်းလဲ့ နဲ့ ၁၉၆၃ ခု ဇွန်လ ၈ ရက်မှာ  လက်ထပ်ခဲ့တယ်။ သင်းသင်းလဲ့နဲ့တွဲပြီး “လာလာလေ” “မိုက်သွေးတစက်” “ကဲ မာမာပဲ” “ရန်သူကြော့ကွင်း” “ဗိုလ်စံဖဲ” “ရိုင်းတဲ့ဘဝ” စတဲ့ ဇာတ်ကားတွေ ရိုက်ခဲ့ပါတယ်။ ဒီနေရာမှာ ငယ်ငယ်က ခလေးဘဝ ဆိုခဲ့ကြတဲ့ ရုပ်ရှင်မင်းသားတွေနာမည်ပါတဲ့ ကဗျာလိုလို အော်ဆိုခဲ့ကြတာလေးတွေ ပြန်ရေးပြလိုက်တယ်။ မင်းသားရွေဘကြီး နာမည်ပါနေတာမို့ပါ။ လေးလေးလီ ဆယ့်ခြောက်- လက်မြှောက် ပါတာအကုန်ထုပ်- ပေါင်မုန့် ပေါင်မုန့် ဒါးနဲ့လှီး- လက်သီး လက်သီးရွှေချ-ရွှေဘ ရွှေဘ တွင်းတူး-ဝင်းဦး ဝင်းဦး စင်ပေါ်တင်- ဇော်ခင် ဇော်ခင် ဒါးနဲ့ထိုး- ဂျပိုး ဂျပိုး ဆားနဲ့သိပ်- ငချိတ် ငချိတ် ပဲနဲ့ပေါင်း- ငချိတ်ပေါင်း   “ရွှေဘ၏ နိဂုံး”  ရွေဘဟာ ၁၉၄၈ ခုနှစ် ပထမဆုံး ခေါင်းဆောင်မင်းသားလုပ်ရတဲ့ “သတ္တိ ဗျတ္တိ” ဇတ်ကားကတည်းက စတန့် စွန့်စားခန်းမှာ ဒဏ်ရာရခဲ့ပါတယ်။ စော်ဘွားကြီးကုန်းမှာ တောင်ကုန်းပေါ်ကနေ မော်တော်ဆိုင်ကယ်စီး ဒိုက်ဗင်ထိုးခန်းမှာ ခါးဆစ်ရိုး ကျိုးသွားလို့ ကုသခဲ့ရပါတယ်။ အခုလို မင်းသား ဘဝတလျှောက် စတန့်ဇတ်ကွက်တွေကို လူစားမထိုးပဲ ရိုက်ကူးခဲ့လို့ ဒဏ်ရာတွေ ခနခန ရခဲ့တယ်။ အသက် ကြီးလာတော့ ဒါဏ်ရာမျိုးစုံရဲ့ ဒါဏ်ချက်ဟောင်းတွေနဲ့တင်မက နှလုံးရောဂါ ဖြစ်ပြီး အသက် ၆၀ အရွယ် ၁၉၈၈ ခုဒီဇင်ဘာ ၁ ရက်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်။ အခုဆိုရင် ၃၂ နှစ် ရှိပါပြီ။ ရွှေဘ ကွယ်လွန်ပြီး ၃၂ နှစ် ရှိလာပေမဲ့ ရွှေဘ အကြောင်း ပြောကြတုန်းပါ။ နစ်နာသူတွေဖက်က ဝင်ရောက် ကာကွယ် ခုခံသူတွေ ဆိုရင် ရွေဘကြီးကွ ဆိုပြီး နာမည်ပေးကြတဲ့အထိပါပဲခင်ဗျာ။ အခုတိုင် မင်းသား ရွှေဘကြီးကို သတိရနေကြဆဲဖြစ်ကြောင်း ရွေဘ ကွယ်လွန်ခဲ့တဲ့ ၃၂ နှစ်မြောက်မှာ ပြောလိုက်ပါတယ်ဗျာ။ ။ “ကိုးကား” ပြည်တော်ချစ်မင်းသားရွှေဘ၏ ဘဝနှင့်အနုပညာရုပ်ပုံလွှာ  ကေမြူး မြန်မာစွယ်စုံကျမ်း အနှစ်ချုပ်(၁၉၈၉)
4 months Ago
Up