ရုပ်ရှင်

January 29, 2022

စစ်ကောင်စီ ချေးငွေရယူသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းလုပ်ငန်း ၁၀၀ ကျော်တွင် နာမည်ကြီးကုမ္ပဏီများ ပါဝင်

အာဏာသိမ်းစစ်ကောင်စီက ထုတ်ချေးတဲ့ ချေးငွေရယူတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်း ၁၁၆ ခုရှိပြီး အဲဒီထဲမှာ နာမည်ကြီးကုမ္ပဏီတွေ၊ လုပ်ငန်းတွေ အများစု ပါဝင်နေပါတယ်။

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာတွေကို ကိုဗစ်-၁၉ ရန်ပုံငွေက ထုတ်ပေးမယ့် ချေးငွေလျှောက်ထားနိုင်ကြောင်း  စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက ဖိတ်ခေါ်ထားတာပါ။

ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ဖို့အတွက် ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငွေကျပ် ၁၅ ဘီလီယံ ထုတ်ချေးသွားမှာဖြစ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေကာလ ၁ နှစ် သတ်မှတ်ကာ ချေးယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ချေးငွေ ရယူထားတဲ့ လုပ်ငန်းပေါင်း ၁၀၀ ကျော်ထဲမှာ နာမည် ကြီးကုမ္ပဏီတွေဖြစ်ကြတဲ့ Forever Group၊ မင်္ဂလာကုမ္ပဏီ၊ Fortune ရုပ်သံ၊ Bo Bo Entertainment၊ စိန်ဌေးရုပ်ရှင်၊ ခရေဖြူရုပ်ရှင်၊ စင်ရော်ဖျော်ဖြေရေးလုပ်ငန်းတို့လို လုပ်ငန်းတွေ ပါဝင်နေသလို၊ မြန်မာနယူးစ်ဝိခ်ဂျာနယ်၊ ကွန်ပျူတာဂျာနယ်၊ မြန်မာသံတော်ဆင့်သတင်းဂျာနယ်၊ ရွှေကူမေနှင်း စာအုပ်အရောင်းဆိုင်၊ နံနက်ခင်းသတင်းဂျာနယ် စတဲ့ လူသိများတဲ့ လုပ်ငန်းတွေလည်း အများစု ပါဝင်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေကို ငွေထုတ်ချေးပေးပြီး တဖက်မှာ မက်လုံးပေးနေပြီး တခြားတဖက်မှာလည်း ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က နာမည်ကျော် သရုပ်ဆောင်တွေကို ဖမ်းဆီးအကျဉ်းချထားသလို မီဒီယာသမားတွေကိုလည်း အပြင်းအထန် ဖိနှိပ်နေပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ကာလဟာ ၁ နှစ်ပြည့်မြောက်တော့မှာဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရော မြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကာလအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

10 months Ago

September 17, 2020

ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်

တခေတ်တခါက မြန်မာ့ရုပ်ရှင်ပရိသတ်တွေကို  သဘာဝကျကျ ဟာသဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့သူ ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာဟာ ဒီကနေ့မနက်အစောပိုင်းက ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာဟာ စက်တင်ဘာ ၁၇ ရက် မနက်  နာရီအချိန်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတဲ့အကြောင်းကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဦးပလာတာကိုတော့ ပရိသတ်တွေက ရယ်ရွှင်ရိပ်သန်းတဲ့ ဟာဒယဉာဏ်အပြည့်ရှိတဲ့ ဟာသသရုပ်ဆောင်တယောက်အနေနဲ့ သိကြမှာဖြစ်ပြီး ရုပ်ရှင်ကားပေါင်းများစွာမှာ အမြဲတတွဲတွဲ သရုပ်ဆောင်ဘက် ဦးစံမတူနဲ့ တွဲဖက်ပြီးတော့လည်း သတိပြုမိကြမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဦးပလာတာရဲ့ နာရေးသတင်းအပေါ် အနုပညာလောက သားတွေကရော ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်နေကြပြီး ဝမ်းနည်းရကြောင်း မှတ်ချက်တွေ ရေးသားနေကြပါတယ်။ ဓာတ်ပုံ- U Aye Kyu Lay
2 years Ago
More News
Up