ရုပ်ကြွ (3D)

November 29, 2019

ဘန်ကောက်တွင် ယာဉ်တိုက်မှုလျော့ချရန် 3D လူကူးမျဉ်းကျားများဖန်တီး 

ထိုင်းနိုင်ငံမှာ လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်တဲ့ အရေအတွက်ကို လျှော့ချဖို့ သုံးဘက်မြင် ရုပ်ကြွ (3D) လူကူးမျဉ်းကျားတွေကို  ခြယ်မှုန်းပြီး ဆန်းသစ်တီထွင် အဖြေရှာနေပါတယ်။ လေထဲ မြောက်တက် မျောပါနေတယ်လို့ မြင်ရအောင် ရေးခြယ်ထားတဲ့ လူကူးမျဉ်းကျားတွေကို ယာဉ်မောင်းတွေက မြင်တဲ့အခါ နောက် တကြိမ် ပြန်ကြည့်ရင်း အရှိန် လျှော့ဖြစ်အောင် ဖိအားပေးပါတယ်။  ဘန်ကောက်မြို့ပြင်က ဝပ်ဘူအန်ထောင်းလန်ကျောင်းရဲ့အပြင်မှာ ကျောင်းသားတွေ လမ်းဖြတ်ကူးနေတဲ့ မျဉ်းကျားကို လှမ်းကြည့်ရင် လမ်းရဲ့အပေါ် လက်မနည်းနည်းလောက် မြင့်တက်ပြီး ပေါလောမျောနေတဲ့ ဘလောက်တုံးတွေအဖြစ် မြင်ရပါတယ်။ ဒီလူကူးမျဉ်းကျားတွေကို ကျောင်းသားနဲ့ လုပ်အားပေး အယောက် ၅၀ လောက်က ပူးပေါင်း ဆောင်ရွက် ထားတာပါ။ လမ်းတွေ ပိုမိုဘေးကင်းစေဖို့ အားထုတ်တဲ့အနေနဲ့ လုပ်အားပေးအုပ်စုတစုက ဒါမျိုး လူကူးမျဉ်းကျား ၆ ခုကို ရေးခြယ်ခဲ့ပါတယ်။ ထိုင်းအမျိုးသားကျန်းမာရေးဘေးကင်းမှုဌာန (NHSO) က နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်း တွေအရ ကျန်ခဲ့တဲ့ လေးနှစ်အတွင်း ထိုင်းနိုင်ငံထဲမှာ လမ်းသွားလမ်းလာ လူ ၁၀၇၀၀  နီးပါး ယာဉ် မတော်တဆ ဖြစ်ခဲ့ပြီး အဲဒီထဲက လူအယောက် ၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၆မှာ လူအယောက် ၁၂၀၀ကျော်ကို မေးခဲ့တဲ့ စစ်တမ်းအရ ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းက လူကူး မျဉ်းကျားကနေ လမ်းဖြတ်ကူးချိန်မှာ ဘေးမကင်းဘူးလို့ ခံစားရကြောင်း ပြောခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေနဲ့ စာသင်ကျောင်းတွေအနားမှာ ကျန်ခဲ့တဲ့ လအနည်းငယ်အတွင်း မှေးမှိန်နေတဲ့ လူကူးမျဉ်းကျားအဟောင်းတွေကို ပြန်မွမ်းမံခဲ့တယ်လို့ စီမံကိန်းမန်နေဂျာ နတ်တာပွန် ဂျီရာဝီဂျစ်က ပြောပါတယ်။ သူတို့အုပ်စုဟာ လာမယ့်သီတင်းပတ် ၆ ပတ်အတွင်း နောက်ထပ် မျဉ်းကျားစီမံကိန်း ၃ ခုထက် မနည်း ပြီးစီး အောင်လုပ်ဖို့ရှိပြီး ဒီနောက်ဘဏ္ဍာရေးအထောက်အပံ့ ရဖို့ ထိုင်းအစိုးရ ငွေစုဘဏ်က စီမံကိန်းကို သုံးသပ်မယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
2 years Ago
Up