ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် လေ့ကျင့်ခန်းပြန်ဆင်း

February 14, 2017

ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် လေ့ကျင့်ခန်းပြန်ဆင်း

ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်တာကြောင့် ၁ လအတွင်းမှာ ပွဲထွက်ကစားနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်ရှိ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် အနားယူနေရတာပါ။ လက်ရှိအချိန်မှာတော့ ခွဲစိတ်ကုသခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာ ပြန်လည်သက်သာလာပြီး အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်ပါတယ်။ ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် ပွဲတွေ ပြန်ကစားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်မိတယ်လို့ ဂါရတ်ဘေးလ်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် ကြံ့ခိုင်မှုပြည့်လာဖို့ ဆက်လက်လေ့ကျင့်ရဦးမှာဖြစ်ပြီး မတ်လ ၇ ရက်မှာ ကစားမယ့် နာပိုလီနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ရီးရဲလ်နည်းပြ ဇီဒန်းက ပြောပါတယ်။ ဂါရတ်ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up