ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူ

November 17, 2019

ပြင်သစ်အသင်း၌ ကစားခွင့်မရပါက တခြားနိုင်ငံအတွက် ကစားမည်ဟု ဘန်ဇီမာ ခြိမ်းခြောက်

ပြင်သစ်လက်ရွေးစင်အသင်းက မရွေးချယ်တော့ဘူးဆိုရင် တခြားနိုင်ငံတခုအတွက် ပြောင်းလဲကစားတော့မယ်လို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။ ဘန်ဇီမာဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေထဲက တဦးဖြစ်ပေမယ့် သူဟာ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက ပါဝင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒီလို ဖြစ်ရတာဟာ တရားစွဲဆိုမှုတခုကြောင့်ဖြစ်ပြီး သူဟာ ပြင်သစ် လက်ရွေးစင်အသင်းဖော် ဗယ်ဘူနာကို လိင်ပိုင်းဆိုင်ရာ အခွေတခုနဲ့ ခြိမ်းခြောက်ငွေညှစ်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရလို့ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘန်ဇီမာဟာ ပြင်သစ်မြေမှာ ကျင်းပတဲ့ ၂၀၁၆ ခုနှစ် ယူရိုဖလားပွဲကိုပါ ဝင်ခွင့်ဆုံးရှုံးခဲ့ရသလို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်အသင်းမှာလည်း ‌နေရာ မရခဲ့ပါဘူး။ ဒီအခြေနေကို စိတ်ပျက်နေတာကြောင့် ဘန်ဇီမာ တခြားနိုင်ငံအတွက် ကစားတော့မယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နိုဝယ်လီဂရက်ကို ရည်ရွယ်တဲ့ သူ့ရဲ့တွစ်တာ ပို့စ်တခုမှာ “နိုဝယ်ရေ၊ ခင်ဗျားအနေနဲ့ အသင်းနည်းပြရဲ့ ဆုံးဖြတ်ချက်ကို စွက်ဖက်ခြင်း မရှိဘူးလို့ ကျနော် ထင်ပါတယ်။ ခင်ဗျားအနေနဲ့ ကျနော့်ရဲ့နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ပြီလို့ ယူဆရင် ကျနော် ပါဝင်ခွင့်ရှိတဲ့ တခြားနိုင်ငံတခုအတွက်က ကစားပေးပါတော့မယ်” လို့ ရေးသားထားခဲ့ပါတယ်။ ဘန်ဇီမာဟာ အယ်လ်ဂျီးရီးယားသွေး ပါဝင်သူ ဖြစ်ပေမယ့် ပြင်သစ် လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပြီး ဖြစ်တာကြောင့် လက်ရှိ ဖီဖာစည်းမျဉ်းတွေအရ ဒီအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆိုတာလည်း လွယ်ကူမှာတော့ မဟုတ်ပါဘူး။ လက်ရွေးစင်အသင်းဖော် ဗယ်ဘူနာနဲ့ကိစ္စ ဖြစ်ပွားပြီးကတည်းက ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ဘက်က ဘန်ဇီမာကို နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ထပ်မံရွေးချယ်တော့မှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုထားတာဖြစ်ပြီး ဘန်ဇီမာဘက်ကတော့ ဒီကိစ္စမှာ သူဟာ မဟုတ်ဘဲ စွပ်စွဲခံထားရတာလို့ ပြန်လည်ငြင်းဆိုထားပါတယ်။
2 years Ago
Up