ရီးရဲလ်-မန်ယူ ဥရောပစူပါဖလား ပွဲကြိုသုံးသပ်ချက်

August 8, 2017

ရီးရဲလ်-မန်ယူ ဥရောပစူပါဖလား ပွဲကြိုသုံးသပ်ချက်

ဥရောပချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဥရောပ စူပါဖလားပွဲကို မနက်ဖြန်မနက်အစောပိုင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေသွေးတဲ့ပွဲစဉ် အင်တာနေရှင်နယ် ချန်ပီယံဖလားမှာတော့ တဘက်တဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒဏ်ရာနဲ့ ပွဲပယ်ခံရတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်တော့ ရီးရဲလ်အသင်းမှာ စီရော်နယ်ဒို ပြန်ပါလာမှာဖြစ်ပြီး တခြားကစားသမားတွေလည်း ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ မန်ယူအသင်းမှာတော့ လုခ်ရှော၊ ရိုဟိုနဲ့ အက်ရှ်လေယန်းတို့ ဒဏ်ရာရနေပြီး ဘိုင်ယီနဲ့ ဖီးလ်ဂျုံးလ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မန်ယူမှာ ကစားသမားသစ်တွေဖြစ်တဲ့ မာတစ်၊ လူကာကူတို့ကို မစ်ခီတာယန်း၊ ပေါ့ဂ်ဘာ၊ ဟာရဲယား၊ ဗလင်စီယာတို့နဲ့ ပွဲထွက်လာဖွယ်ရှိပါတယ်။ ရီးရဲလ်မှာတော့ စီရော်နယ်ဒို ပါဝင်လာမှာဖြစ်ပေမယ့် ပွဲထွက်ကစားဖို့ မသေချာသေးဘဲ ဘင်ဇီမာ၊ ဘေးလ်၊ မိုဒရစ်၊ ခရူးစ်၊ ကတ်စ်မဲရိုးတို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဒီဖလားက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ဆုဖလားဖြစ်လို့ ပွဲကောင်းတပွဲ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ ရလဒ်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ရှုံးပွဲများနေပြီး မန်ယူကတော့ ဘာစီလိုနာတသင်းကိုပဲ ရှုံးခဲ့တာ တွေ့ရပါတယ်။ စီရော်နယ်ဒို ပွဲမထွက်နိုင်ရင် ရီးရဲလ်အသင်း ရုန်းကန်ရနိုင်ဖို့ရှိပြီး နှစ်ဘက် သွင်းဂိုးနည်းနည်းနဲ့ သရေပွဲဖြစ်ဖို့များကာ အချိန်ပိုအထိ ရောက်သွားနိုင်ပါတယ်။
4 years Ago
Up