ရီးရဲလ်ဆိုစီဒက် ၁ - ၂ ဂီတာဖေး၊ ဂရန်နာဒါ ၅ - ၁ လီဗန်တေး

April 22, 2016

ရီးရဲလ်ဆိုစီဒက် ၁ - ၂ ဂီတာဖေး၊ ဂရန်နာဒါ ၅ - ၁ လီဗန်တေး (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၂ ရက်နေ့က ကစားသွားတဲ့ စပိန်လာလီဂါ ပွဲစဉ်တွေမှာတော့ ဂီတာဖေးနဲ့ ဂရန်နာဒါတို့ အနိုင်ရရှိသွားပါတယ်။ ရီးရဲလ်ဆိုစီဒက်နဲ့ ဂီတာဖေးတို့ ပွဲစဉ်မှာ ဂီတာဖေးက အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာပါ။ ပထမပိုင်း ၁၉ မိနစ်မှာ ကားလို့စ်ဗယ်လာက ရီးရဲလ်ဆိုစီဒက်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ဂီတာဖေးက ပတ်လို ဆာရာဘီးယားက ပထမပိုင်းပြီးခါနီးမှာ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒီအတွက် ပထမပိုင်းမှာ ၁ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း ၅၆ မိနစ်မှာတော့ ဂီတာဖေးက အနိုင်ဂိုးကို ထပ်မံသွင်းယူသွားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာပါ။ ဒီပွဲအပြီးမှာတော့ ရီးရဲလ်ဆိုစီဒက်က ၃၄ ပွဲကစား ၄၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေသလို ဂီတာဖေးကတော့ ၃၄ ပွဲကစား ၃၁ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
တခြား လာလီဂါပွဲစဉ်မှာတော့ တန်းဆင်းဇုန်နားက အသင်းတွေဖြစ်တဲ့ ဂရန်နာဒါက လီဗန်တေးကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၂၅ မိနစ်၊ ၃၅ မိနစ်နဲ့ ၄၄ မိနစ်တွေမှာ ဂရန်နာဒါအသင်းက ၃ ဂိုးပြတ် သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၈၂ မိနစ်မှာ လီဗန်တေးက တဂိုးပြန်သွင်းယူခဲ့ပေမယ့် ၈၅ မိနစ်နဲ့ မိနစ် ၉၀ မှာ ဂရန်နာဒါက ထပ်မံဂိုးသွင်းယူတဲ့အတွက် ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ လီဗန်တေး ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲအပြီးမှာတော့ ၃၄ ပွဲကစား ၂၈ မှတ်နဲ့ လီဗန်တေးက ဇယားအောက်ခြေ အဆင့် ၂၀ မှာ ရပ်တည်နေပြီး ဂရန်နာဒါကတော့ ၃၄ ပွဲကစား ၃၃ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up