ရီယာဇံဒေသ

October 8, 2020

ရုရှားတွင် လက်နက်ကုန်လှောင်ရုံ မီးလောင်

ရုရှားနိုင်ငံ ရီယာဇံဒေသမှာ လက်နက်ကုန်လှောင်ရုံတခု အောက်တိုဘာ ၇ ရက်က မီးလောင် အပြီး ရွာ ၁၀ ရွာကျော်က လူတွေကို အာဏာပိုင်တွေက ဘေးကင်းရာ အမြန်ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။   လူမှုကွန်ရက် မီဒီယာပေါ်မှာ ပြန့်နေတဲ့ ရုပ်သံထဲမှာ ခဲယမ်းမီးကျောက် ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။   ငါးစက္ကန့်၊ ဆယ်စက္ကန့်တိုင်းမှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ အရေးပေါ်ဌာန ဝန်ထမ်းတွေရဲ့ စကားကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာသတင်းဌာနက ဖော်ပြပါတယ်။   မော်စကိုမြို့တော် အရှေ့တောင်ဘက် ကီလို ၂၆၀ အကွာမှာရှိတဲ့ လက်နက်တိုက်ရဲ့ ပတ်လည် ၅ ကီလိုမီတာအကွာက ရွာ ၁၀ ရွာကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားပြီး ကားလမ်းကိုပါ ပိတ်ထားတယ်လို့ အရေးပေါ်ကိစ္စရပ်များဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် အင်တာဖှက်စ်သတင်းဌာနက ကြေညာပါတယ်။   လေပြင်းတိုက်ခတ်လို့ လက်နက်ကုန်လှောင်ရုံမှာ လောင်တဲ့မီးက အနားက လယ်ကွင်းကို ကူးစက်ခဲ့တယ်လို့ ရုရှားစစ်တပ်ကို ကိုးကားပြီး တက်စ်သတင်းဌာနက ပြောပါတယ်။   ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။  ဘေးကင်းရေးစံချိန်စံညွှန်းတွေ လျော့လျဲတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့အတူ ရုရှားစစ်တပ်ရဲ့ လက်နက်တိုက် မီးလောင်မှုနဲ့ပေါက်ကွဲမှုတွေ ထူပြောတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြ ပါတယ်။
7 months Ago
Up